ဩစတြေးလျအိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ပထမအဆင့်မှ ဇန်နဝါရီ ၁၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ထိုင်းတင်းနစ်မယ် မနမ်ချာယာဆာဝမ်ကောနှင့် ဗြိတိန်နာမည်ကျော်တင်းနစ်မယ် အမ်မာရာဒူပွဲစဉ်တွင် ရာဒူကာနူက ၆-၄၊ ၆-၁ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
အသက် ၂၃ နှစ်အရွယ် ရာဒူကာနူသည် ယခုပြိုင်ပွဲမတိုင်မီယှဉ်ပြိုင်ကစားခဲ့သည့် Hobart International ပြိုင်ပွဲတွင် ကွာတားဖိုင်နယ် အဆင့်အထိ တက်လှမ်းထားသည်။ သို့သော်လည်း ပြိုင်ဘက် ဩစတြေးလျတင်းနစ်မယ် တေလာပရက်တန်ကို ရှုံးနိမ့်ပြီး နောက်တစ်ဆင့်တက်လှမ်းခွင့် လွဲချော်ထားသည်။
ရာဒူကာနူသည် ဩစတြေးလျအိုးပင်းပြိုင်ပွဲ ဒုတိယအဆင့်တွင် ဩစတြီးယားတင်းနစ်မယ် ပိုတာပိုဗာနှင့် ဇန်နဝါရီ ၂၁ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ပိုတာပိုဗာသည် ဩစတြေးလျ အိုးပင်းပြိုင်ပွဲ ပထမအဆင့်တွင် နယ်သာလန်တင်းနစ်မယ် ဆူဇန်လာမန်းစ်ကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရပြီး ၃-၆၊ ၇-၅၊ ၆-၂ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဒုတိယအဆင့်သို့ တက်လှမ်းလာသူဖြစ်သည်။
ရာဒူကာနူနှင့်အတူ ဩစတြေးလျအိုးပင်းပြိုင်ပွဲ ဒုတိယအဆင့်သို့ ကမ္ဘာ့နံပါတ်တစ်တင်းနစ်မယ် ဆာဘယ်လင်ကာအပါအဝင် အခြားနာမည်ကြီး တင်းနစ်မယ်များဖြစ်သည့် ဒါနီလိုဗစ်၊ ဘိုင်၊ ဆက္ကရီ၊ ပါအိုလီနီ၊ စဗစ်တိုလီနာ၊ ပူတင်ဆီဗာတို့ တက်လှမ်းနိုင်ခဲ့သည်။
မိုးဇက်


