ဇန်နဝါရီ ၁၉

စပိန်နိုင်ငံတောင်ပိုင်းတွင် မြန်နှုန်းမြင့်ရထားများ တိုက်မိမှုကြောင့် လူ ၂၁ ဦး သေဆုံးပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသူဦးရေ  ၃၀ ရှိကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးကပြောကြားခဲ့သည်။

အဆိုပါမတော်တဆမှုသည် အန်ဒါလူစီယာဒေသရှိ ဆင်ခြေဖုံးကော်ဒိုဘာတွင် ယမန်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မာလာဂါမှ မက်ဒရစ်မြို့တော်သို့ ခုတ်မောင်းလာသော မြန်နှုန်းမြင့်ရထားတစ်စင်းသည် လမ်းချော်မှုဖြစ်ပွားခဲ့ပြီး ကပ်လျက်လမ်းကြောင်းတစ်ခုတွင် ဆန့်ကျင်ဘက်အရပ်က ခုတ်မောင်းလာသော အခြားရထားတစ်စင်းကို တိုက်မိခဲ့သည်ဟု သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများသည် ဆေးရုံတွင် ကုသမှုခံယူလျက်ရှိသည်ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီး အော်စကာ ပွန်တီက ပြောကြားခဲ့သည်။

ရထားတိုက်မိမှုတွင် ဂျပန်နိုင်ငံသားတစ်ဦးဦး ပါဝင်ပတ်သက်မှုရှိမရှိကို ညွှန်ပြသည့် သတင်းအချက်အလက်များ မရှိသေးသော်လည်း အခြေအနေကို အတည်ပြုရန် ဆက်လက်ကြိုးပမ်းလျက်ရှိကြောင်း မက်ဒရစ်ရှိ ဂျပန်သံရုံးက ပြောကြားခဲ့သည်။

လမ်းချော်နေသော ရထားတွင် ခရီးသည် ၃၀၀ ကျော် လိုက်ပါလာပြီး အခြားရထားတစ်စင်းပေါ်တွင် လူ ၁၀၀ ခန့် လိုက်ပါလာကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

အခင်းဖြစ်ပွားရာနေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိပြီး စပိန်၏ အများပြည်သူပိုင် ရုပ်သံလိုင်းက ခရီးသည်များသည် ရထားတွဲပြတင်းပေါက်များမှတစ်ဆင့် တစ်ဦးချင်းစီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြပြီး အခြားသူများသည် ရထားအတွင်း ပိတ်မိနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က အခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်းနှင့် ခရီးသည်များကို ကယ်တင်ရန် အစိုးရအဖွဲ့က သက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း လူမှုမီဒီယာတွင် ရေးသားထားသည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို