မန္တလေး ၂၁ မတ်
မိုးကုတ်ဒေသအတွင်း သဘာဝ ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးအတွက် ပြုန်းတီးသွားသည့် သစ်တောများအစား ထင်းရှူးနှင့် ချယ်ရီပင်များကို အခုလ ၂၃ ရက်တွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သဘာဝစိမ်း အဖွဲ့မှ သိရသည်။
မိုးကုတ်မြို့နယ် တောင်မင်းတောင် ဒေသတဝိုက် မီးမရရှိသည့် ကျေးရွာပေါင်း ၁၆ ရွာရှိသည်။ အဆိုပါရွာများသည် ချက်ပြုတ်စားသောက်ရေးအတွက် မီးရရှိရန် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ခန့်မှ လောက်ကတည်းက သစ်ပင်များကို ခုတ်ကာ ထင်းအဖြစ် အသုံးပြုလာကြသည်။ ယခုလို ခုတ်ယူမှုတွေကြောင့် သစ်တောများပြုန်းတီးပြီး သဘာဝ ပတ်ဝန်းကျင် ဖောက်ပြန်မှုများ ရှိလာကြောင်း သိရသည်။
‘အဲဒီဘက်က ရွာတွေအားလုံးဟာ သဘာဝက ပေါက်တဲ့ အပင်တွေအားလုံးကို ထင်းလုပ်ဖို့ ခုတ်ယူတဲ့အတွက် သူတို့က တောင်တွေက တောင်ကတုံးတွေဖြစ်ပြီး ဘာသစ်ပင်မှ မရှိတော့ဘူး။ သစ်ပင်တွေ မရှိတော့ ရာသီဥတုက ပိုအေးပြီး ရေခဲတယ်’ဟု သဘာဝစိမ်း အဖွဲ့မှ မနေဆုလှိုင်က ပြောသည်။
တောင်မင်းတောင်တဝိုက် မီးမရရှိခဲသည့် ဒေသများ၏ သဘာဝအတိုင်း ပေါက်သည့် တောများသည် တစ်နှစ်တစ်ခြား ပိုမိုထိခိုက်လာကြောင်း သိရသည်။ အဆိုပါသစ်တောများ ထိန်းသိမ်းရန်အတွက် သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင် ဝန်ကြီးကိုတင်ပြကာ ထင်းရှူးနှင့်ချယ်ရီပင် ၁၀ဝ၀ စိုက်ပျိုးသွားမည်ဖြစ်သည်။
‘ပြုန်းတီးခဲ့တဲ့သစ်ပင် သစ်တောတွေကို ပြန်စိုက်ရင်း ထိန်းသိမ်းကြမယ်။ ဒေသခံ ကျေးလက်နေ ပြည်သူတွေကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အသိပညာပေးလည်း ဆောင်ရွက်မှာ ဖြစ်ပါတယ်’ ဟု သဘာဝစိမ်း အဖွဲ့မှ ဦးမောင်မောင်ဦးက ပြောသည်။
တောင်မင်းတောင်တဝိုက်ရှိ ကျေးရွာပေါင်း ၁၆ ရွာတွင် ပန်လင်၊ ရွာသာယာ၊ ပြောင်ခေါင်း၊ အင်းခြောက်၊ လီရှော၊ လယ်ဦးရွာတို့သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မီးရရှိမည်ဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်


