ညောင်ရွှေ ၂၁ မတ်
အင်းလေးဒေသ၏ အထင်ကရနေရာဖြစ်သော ဖောင်တော်ဦးမြတ်စွာဘုရား ရင်ပြင်နှင့် ပတ်ဝန်းကျင်တွင် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေ ဖြစ်ပေါ်လာရေး အသိပေးဆွေးနွေးပွဲကို မတ် ၂၁ ရက် နံနက် ၁၀ နာရီက အင်းလေး ဖောင်တော်ဦးဘုရားရှိ ထိန်ထိန်လင်းကျောင်း၌ ကျင်းပကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက အမှာစကားပြောကြားပြီး မြို့နယ် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာကောင်းမြတ်က ဆေးလိပ်ငွေ့ကင်းစင်နယ်မြေ ဖြစ်ပေါ်လာရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဆေးလိပ်ငွေ့ရှုရှိုက်ခြင်းကြောင့် ရရှိနိုင်သည့်ရောဂါများ၊ ဆေးလိပ်ငွေ့ကင်းစင်နေရာအဖြစ် သတ်မှတ်ထားသည့်နေရာများကို ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ဒေသခံများက အကြံပြု ဆွေးနွေးခဲ့ကြသည်။
အင်းလေး ဖောင်တော်ဦးမြတ်စွာဘုရားရင်ပြင်နှင့် ပတ်ဝန်းကျင်တွင် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေ ဖြစ်ပေါ်လာရေးအတွက် ပြည်သူလူထုများအနေဖြင့် ကျန်းမာရေးပိုမိုကောင်းမွန်လာစေရန်၊ ဖောင်တော်ဦးဘုရားသို့လာ ရောက်သောဧည့်သည်များ ကြည်ညိုသဒ္ဓါပွားများစေရန်၊ စည်းကမ်းရှိမှုကို ပြသခြင်းအားဖြင့် အင်းလေးဒေသ၏ ဂုဏ်သိက္ခာကို မြှင့်မားစေရန်စသည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


