မန္တလေး ၂၁  မတ်


သင်္ကြန်ရုံးပိတ်ရက်အတွင်း မန္တလေးမြို့ အဝေးပြေးကားကြီး ကွင်းငါးကွင်းမှ နေရပ်ပြန်မည့်ခရီး သွားပြည်သူများ ကားလက်မှတ် ဈေးနှုန်းများ ပိုမိုကောက်ခံမှု မရှိစေရန် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အဝေးပြေးယာဉ် လုပ်ငန်းများကြီးကြပ်ရေး လုပ်ငန်းကော်မတီထံက သိရသည်။


သင်္ကြန်ကာလတွင် ရုံးပိတ်ရက် ငါးရက်သာ သတ်မှတ်ထားသည့်အတွက် အခြားနယ်ဝေး ဒေသများသို့ ပြန်ကြမည့်ခရီး သွားပြည်သူများအတွက် သွားလာရေး အဆင်ပြေစေရန်နှင့် ကားလက်မှတ် ဈေးနှုန်းများကို မှန်ကန်စွာရောင်းချနိုင်ရန်အတွက် ယခုလိုလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။


"သင်္ကြန်ကာလ မတိုင်မီ မန္တလေးမှာရှိတဲ့ ကားကြီးကွင်းငါးကွင်းမှာ ကားလက်မှတ်များရရှိစေရန် ကားလက်မှတ်ဈေးနှုန်းတွေ ပိုမိုကောက်ခံခြင်းမရှိစေရန် ပုံမှန်ရောင်းနေကျ ဈေးနှုန်းအတိုင်း ရောင်းချပေးရေးအတွက် အနီးကပ် ကြပ်မတ်ဆောင်ရွက်သွားမယ်" ဟု ယင်းကော်မတီမှ ဦးအောင်ကျော်လင်းက ပြောသည်။


ယခင်နှစ်များတွင် သင်္ကြန်ကာလအား အကြောင်းပြကာ မှောင်ခိုလက်မှတ်များ ဈေးနှုန်း ပိုမိုကောက်ခံကာ ရောင်းချနေမှုများ ရှိနေခြင်းကြောင့် ယခုနှစ်တွင် ထပ်မံမဖြစ်ရစေရန် အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး လုပ်ငန်းကော်မတီမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


မန္တလေးမြို့တွင် မြန်မာနိုင်ငံအနှံ့ ခရီးသည် လိုက်ပါပို့ဆောင်ပေးနေသည့် အဝေးပြေးကားကွင်းငါးကွင်း ပြီး ယင်းကားဝင်းများမှာ ချမ်းမြရွှေ ပြည်ကားကြီးကွင်း(ကျွဲဆည်ကန်)၊ သီရိမန္တလာအဝေးပြေးကားကြီးကွင်း၊ မဟာအောင်မြေ အဝေးပြေးကားကြီးကွင်း၊ ဒေါနဘွားကားကြီးကွင်း၊ ပြည်ကြီးမျက်ရှင်ကားကြီးကွင်းတို့ ဖြစ်သည်။


သူရိန်လင်း