နေပြည်တော် ၂၁ မတ်

လူငယ်ရေးရာမူဝါဒနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လူငယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူငယ်ရေးရာမူဝါဒကို နိုင်ငံတော်အစိုးရသစ်လက်ထက် ရက်(၁၀ဝ)စီမံချက်တွင် ထည့်သွင်းဆောင်ရွက်ခဲ့ပြီး လူငယ်ထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိရန် ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများမှ လူငယ်များ၊ ရပ်ရွာအတွင်းရှိ လူငယ်များ ပါဝင်စေလိုကြောင်း၊ လူငယ်များ၏ အခွင့်အရေးမြှင့်တင်ပေးရန် ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်ပေးရန် အစိုးရတွင် တာဝန်ရှိသည့်အတွက် မိမိတို့ အစိုးရလက်ထက်တွင် လူငယ်မူဝါဒ ပေါ်ပေါက်ရန် အားထုတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လူငယ်ရေးရာမူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်ရန် မဟာဗျူဟာစီမံချက်ရေးဆွဲနေပြီး လုပ်ငန်းစဉ်များချမှတ်ကာ ဆက်လက်အကောင်အထည်ဖော်ရန် ဖြစ်ကြောင်း၊ လူငယ်များ ရသင့်ရထိုက်သော အခွင့်အရေးများနှင့် ဖွံ့ဖြိုးတိုးတက်မှုများ အပြည့်အဝရရှိစေရန် လူငယ်များအပါအဝင် မိသားစုဝင်များ၊ အစိုးရဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများ ပါဝင်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ယနေ့လူငယ်များနှင့် တွေ့ဆုံဆွေးနွေးခြင်းမှာ လူငယ်များကို အလေးထားခြင်းဖြစ်၍ လူငယ်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ လူကြီးများ၏အမှားများကို လူငယ်များက သင်ခန်းစာယူပြီး အတွေးသစ်အမြင်သစ်များဖြင့် စိန်ခေါ်မှုအဟန့်အတား အခက်အခဲများကို ကျော်လွှာနိုင်ရန် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် လူငယ်များက လူငယ်ရေးရာမူဝါဒကို လူငယ်ထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင်ဆောင်ရွက်ရေး၊ ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်ရေး၊ လူငယ်များအတွက် လူငယ်စင်တာများ ဆောက်လုပ်ပေးရေး၊ Online Social Media များမှတစ်ဆင့် အသိပညာပေးရေး၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ပတ်သက်၍ အသိပညာပေးမှုများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး၊ လူငယ်ရေးရာမူဝါဒနှင့် ပတ်သက်၍ လူကြီးများ၏ အတွေ့အကြုံနှင့် အကြံပြုချက်များကို ပိုမိုအသုံးချဆောင်ရွက်နိုင်ရေး၊ ကျောင်းပြင်ပ ပညာရေးနှင့်ပတ်သက်၍ ပါဝင်ဆောင်ရွက်နိုင်ရေး၊ လူငယ်ရေးရာကော်မတီများကို မြို့နယ်အဆင့်ထိ ဆက်လက်ဖွဲ့စည်းနိုင်ရေးတို့ကို ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်း ဆွေးနွေးကြသည်။

(သတင်းစဉ်)