မန္တလေး ၂၃ မတ်

 

မန္တလေးမြို့၊ လမ်း၈၀၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြားရှိ Ruby Myanmar Hotel ၏ ခန်းမဆောင်တွင် မတ်လ၊ ၂၃ ရက်၊ နံနက် ၁၀ နာရီက မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရှင်များအသင်း (မန္တလေးဇုန်)အသစ် ပြန်လည်ဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ အခမ်းအနားတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ရွှေနှင့် အဖွဲ့ဝင်များ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရှင်များ အသင်း(ဗဟို) အထွေထွေအတွင်းရေးမှူး ဦးမင်းရန်အောင်နှင့် အဖွဲ့ဝင်များ မန္တလေးဇုန်မှ အလုပ်အမှုဆောင် လူကြီးမင်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဗဟိုအထွေထွေအတွင်းရေးမှူး ဦးမင်းရန်အောင်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရှင်များအသင်း (မန္တလေးဇုန်)ကို ညီညွတ်စွာဖြင့် အသစ်ပြန်လည် ဖွဲ့စည်းနိုင်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း လုပ်ငန်းကို အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားကြဖို့လိုကြောင်း စသည်ဖြင့် ပြောကြားသွားသည်။ 

 

ဆက်လက်၍ မန္တလေးဇုန်ဥက္ကဋ္ဌ ဦးစိုးသူရက ဖွဲ့စည်းပုံအကြောင်းနှင့် အလုပ်အမှုဆောင်များကို ဖတ်ကြားသွားသည်တွင် နာယက ဦးထွန်းထွန်းခိုင်၊ ဦးတင်အောင်၊ ဦးကျော်မင်းစိန်၊ ဥက္ကဋ္ဌ ဦးစိုးသူရ၊ ဒုဥက္ကဋ္ဌ(၁)ဦးဆန်းမင်းခိုင်၊ ဒုဥက္ကဋ္ဌ(၂) ဒေါ်လွင်သီခိုင်၊ အထွေထွေအတွင်းရေးမှူး ဦးနိုင်ဝင်းဆွေ M.D (Artery Hotel Consultant Group) စုစုပေါင်း အလုပ်အမှုဆောင် (၂၁)ဦးဖြင့် ဖွဲ့စည်းထားကြောင်း ရှင်းလင်းတင်ပြသွားသည်။

 

အလုပ်အမှုဆောင်သစ်များ အပြန်အလှန် မိတ်ဆက်ပြီး အခမ်းအနား ပြီးဆုံးသွားကြောင်း သိရသည်။

 

စိုးဝင်းဗိုလ်(အရာတော်)