နေပြည်တော် ၂၃ မတ်
၂၀၁၉ ခုနှစ်၊ မတ်လ (၂၃) နေ့၌ ကျရောက်သည့် (၅၉)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်၊ ဟိုတယ်ဇုန်ရှိ Royal ACE ဟိုတယ်၌ ယနေ့ နံနက် ၉ နာရီ က ကျင်းပ ပြုလုပ်ခဲ့သည်။
အထိမ်းအမှတ်ဖွင့်ပွဲအခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကမ္ဘာ့မိုးလေဝသဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သော သဝဏ်လွှာအား မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဖတ်ကြားခဲ့သည်။ ထို့နောက် ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ်အခမ်းအနား ဆောင်ပါးပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်ထောင်စုဝန်ကြီးများက ဆုချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့်အတူဖိတ်ကြားထားသော ဧည့်သည်တော်များသည် အခမ်းအနားတွင် ခင်းကျင်းပြသထားသော မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများနှင့် ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။
နေ့လယ်ပိုင်းတွင် ဘာသာရပ်ဆိုင်ရာစာတမ်းများအား ဖတ်ကြားဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနားကို မတ်လ(၂၃)ရက်နေ့ရောက်တိုင်း နှစ်စဉ် ကျင်းပလျက်ရှိရာ ယခုနှစ် ကမ္ဘာ့မိုးလေဝသနေ့ ဆောင်ပုဒ်မှာ ‘The Sun, The Earth and The Weather’ ဖြစ်ကြောင်း သိရသည်။
MDN
ဓာတ်ပုံ-ထိန်နန်နော်


