နေပြည်တော် ၂၃ မတ်

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် လပွတ္တာ - မြောင်းမြ - အိမ်မဲ - ကျောင်းကုန်း - ကျုံပျော် လမ်းပေါ်ရှိ မြောင်းမြတံတားသစ် တည်ဆောက်ရေးလုပ်ငန်းခွင်၌ တံတားခံနိုင်ဝန် ဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးကျော်လင်း ကြည့်ရှုစစ်ဆေးသည်။

မြောင်းမြတံတားသစ်သည် တံတားတည်ဆောက်မှု ပြီးစီးပြီဖြစ်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ပညာရှင်များနှင့် တံတားအတွက် Steel Truss များ ထုတ်လုပ်ပေးသော J & M Steel Solution စက်ရုံမှ ဂျပန်ပညာရှင်များက တံတားခံနိုင်ဝန် (Load Test) စမ်းသပ် နေမှုများကို ဒုတိယဝန်ကြီး ဦးကျော်လင်း ကြည့်ရှုစစ်ဆေးသည်။

Load Test ဆောင်ရွက်ရာ၌ ပင်မတံတား ရေလည်တိုင်များအကြားတွင် စုစုပေါင်း တန်ချိန် ၂၅၀ ရှိ ကုန်တင်ယာဉ်များဖြင့် Deflection Test နှင့် Stress and Strain Value များမှာ Design Limit အတွင်း တွေ့ရှိရသဖြင့် တံတားမှာ သတ်မှတ်ခံနိုင်ဝန်အတိုင်း (Fit For Service) ဖြစ်ကြောင်း တွေ့ရှိရသည်။

မြောင်းမြတံတားသစ် စီမံကိန်းကို ၂၀၁၇ ခုနှစ် မေ ၁ ရက်တွင် စတင်တည်ဆောက်ခဲ့ရာ တည်ဆောက်စဉ်ကာလ ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်တွင် မြောင်းမြကြိုးတံတားအဟောင်း ကြိုးကျပျက်စီးသွား၍ နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်အရ ဆောက်လုပ်ဆဲ တံတားအသစ်ကို တစ်နှစ်အတွင်း အမြန်ဆုံးပြီးစီးရန် တံတားပုံစံများ ပြောင်းလဲတည်ဆောက်ခဲ့ပြီး ယခုအခါ ၁၀ဝ ရာခိုင်နှုန်းပြီးစီးနေပြီး အချောသတ်လုပ်ငန်းနှင့် အပြီးသတ်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ မကြာမီအချိန်အတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)