ရန်ကုန် ၂၃ မတ် 
    

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူငယ်များနှင့် လူငယ်ရေးရာ မူဝါဒဆိုင်ရာ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
    

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဝန်ကြီးဌာနအနေဖြင့် လူတစ်ဦးချင်းစီ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတွက် လိုအပ်သော မူဝါဒများ၊ မဟာဗျူဟာများ၊ လုပ်ငန်းစဉ်များ ချမှတ်ရပါကြောင်း၊ လူငယ်များ၏ အခွင့်အရေးများကို ဖော်ဆောင်ပေးရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံသည် လူငယ်ရေးရာမူဝါဒ မရှိသေးသည့် ကမ္ဘာ့နိုင်ငံ(၃၁)နိုင်ငံထဲတွင် ပါဝင်နေသောကြောင့် ယခုအစိုးရလက်ထက်တွင် လူငယ်မူဝါဒကို ရေးဆွဲခဲ့ကြောင်း၊ ဤမူဝါဒသည် လူငယ်များကိုယ်တိုင် ဦးဆောင်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သောကာလများ၏ သင်ခန်းစာယူစရာများ၊ လူငယ်များ၏ အတွေးသစ်အမြင်သစ်များဖြင့် ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ လူငယ်များအတွက် ကောင်းမွန်သော အပြောင်းအလဲကို ဖော်ဆောင်ပေးရန် ဆောင်ရွက်ထားခြင်းဖြစ်၍ ပြုပြင်ပြောင်းလဲရန် လိုအပ်လာသော အချိန်တွင် ပြန်လည်ပြင်ဆင်နိုင်အောင်လည်း ထည့်သွင်းရေးဆွဲထားပါကြောင်း၊ လူငယ်ရေးရာ မူဝါဒထဲတွင် လူငယ်များအတွက် အရေးကြီးသည့်ကဏ္ဍ (၁၆)ရပ်ပါဝင်ပြီး လူငယ်နှင့် အလုပ်အကိုင် အခွင့်အလမ်း၊ လူငယ်နှင့် ငြိမ်းချမ်းရေး၊ လူငယ်နှင့် မူးယစ်ဆေးဝါး စသည်ဖြင့် ဦးစားပေးရမည့် ကဏ္ဍများလည်းရှိပါကြောင်း။


လူငယ်ရေးရာ မူဝါဒကို အခြေခံ၍ မဟာဗျူဟာ ချမှတ်ရေးဆွဲပြီး လုပ်ငန်းစဉ်များ အကောင်ထည်ဖော်ရာတွင် ဝန်ကြီးဌာနအလိုက် ချမှတ်ထားပြီးဖြစ်သော လူငယ်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်များ၊ ရန်ကုန်တိုင်းဒေသကြီးက ချမှတ်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ လူငယ့်ရေးရာမူဝါဒသည် လူငယ်များ၏ အခွင့်အရေးများကို အပြည့်အဝရရှိရန်နှင့် သာတူညီမျှခံစားရရှိနိုင်ရန် ထည့်သွင်းရေးဆွဲထားခြင်း ဖြစ်သည့်အတွက် အကောင်အထည်ဖော်ရာတွင် လူငယ်များက ကဏ္ဍအသီးသီးတွင် တာဝန်ယူ၍ ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း ပြောကြားသည်။
    

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လူငယ်မူဝါဒကို အခြေခံ၍ မဟာဗျူဟာ၊ လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ရာတွင် လူငယ်များက အဓိက စွမ်းဆောင်ကြရမည်ဖြစ်ပြီး ဆောင်ရွက်လိုသည့် လူငယ်အကျိုးပြုလုပ်ငန်းများကို သက်ဆိုင်ရာ ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများနှင့် အလွယ်တကူချိတ်ဆက် ဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်း၊ မိမိအနေဖြင့် လူငယ့်ရေးရာကော်မတီဝင်များ၊ ရန်ကုန်တိုင်းအတွင်းရှိ လူငယ်များနှင့်တွေ့ဆုံ၍ လိုအပ်ချက်များကို အသေးစိတ်ညှိနှိုင်းပြီး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
    

ယင်းနောက် အဖွဲ့အစည်းအသီးသီးမှ လူငယ်များ၊ တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များက လူငယ်များ၏ အလုပ်အကိုင်များ ဖော်ဆောင်ပေးနိုင်ရေး၊ လူငယ်နှင့် စီးပွားရေးကဏ္ဍများ၊ ကလေးအလုပ်သမားများ၊ စိန်ခေါ်မှုများ၊ မဟာဗျူဟာ ရေးဆွဲရာတွင် ပါဝင်ဆွေးနွေးနိုင်ရန် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များနှင့် ဆက်သွယ်ဆွေးနွေးရမည့်ကိစ္စရပ်များနှင့် လူငယ်မူဝါဒကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးတို့ကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းဆွေးနွေးကြသည်။ 


(သတင်းစဉ်)