နေပြည်တော် ၂၄ မတ် 

မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်(ရန်ကုန်)မှ ကြီးမှူး၍ မသန်စွမ်းသူများအသင်း ဖွဲ့စည်းခြင်းနှင့် ကိုယ်စားလှယ်များ ရွေးချယ်ခန့်အပ်ခြင်း အခမ်းအနားကို မတ် ၂၃ ရက် နံနက် ၁၀ နာရီက နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ အထွေးထွေအုပ်ချုပ်ရေးမှူး စုပေါင်းရုံးခန်းမဆောင်အတွင်း၌ ကျင်းပခဲ့သည်။

 

1

 

အခမ်းအနားတွင် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် ဗဟိုကော်မတီမှ အခမ်းအနားမှူးအဖြစ် ဒေါ်ခင်မျိုးစု(ဗဟိုအမှုဆောင်)က ဆောင်ရွက်ပေးခဲ့ပြီး အကြားအာရုံ ချို့တဲ့သူများ နားလည်နိုင်စေရန်အတွက် လက်သင်္ကေတပြ စကားပြန် ဆရာမအဖြစ် ဒေါ်မိုင်နွယ်နီ(ဗဟိုအမှုဆောင်)တို့က တာဝန်ယူဆောင်ရွက်ကြသည်။

ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါကြွယ်မှ အဖွင့်အမှာစကား ပြောကြားပေးပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်မှ ဘဏ္ဍာရေးမှူး ဦးနေထွန်းက မသန်စွမ်းသူများ အသင်းအဖွဲ့ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်နှင့် ရှေးလုပ်ငန်းစဉ်များကို အကျယ်တဝံ့ ရှင်းလင်းပြောကြားပေးခဲသည်။

ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးညွန့်အောင်မှ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း  မသန်စွမ်းသူများ၏ အခွင့်ခံစားရရှိနိုင်စေရန်အတွက် ကြိုးစားဆောင်ရွက် ပေးသွားမည်ဖြစ်အကြောင်း၊ မသန်စွမ်းသူများ၏ လိုအပ်ချက်များအား စွမ်းနိုင်သမျှ ဖြည့်ဆည်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်အကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ (၈)မြို့နယ်မှ မြို့နယ်အလိုက် မသန်စွမ်းသူများကိုယ်စားလှယ် အဖွဲ့ခွဲကော်မတီများကို  ဒေသခံမသန်စွမ်းသူများ၏ ဆန္ဒမဲများကောက်ယူ၍ ဆန္ဒမဲပေးမှုများအလိုက် မသန်စွမ်းသူများ၏ ကိုယ်စားလှယ်များအဖြစ် အသီးသီးရွေးချယ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်မှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ (၈)မြို့နယ်မှ မသန်စွမ်းသူ ကျန်းမာရေးစောင့်ရှောက်ခံ အဖွဲ့ဝင်များနှင့် ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့သော အဖွဲ့အစည်းအသီးအသီးမှ တာဝန်ရှိသူများ၊ မြို့နယ် (၈)မြို့နယ်အတွင်းမှ ကျန်းမာရေးစောင့်ရှောက်ခံ မသန်းစွမ်းသူများ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။

ချစ်မိုး(P.F.A)