အထက်မင်းလှ ၂၄ မတ်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ ပြည်သူ့ဆေးရုံ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (မကွေးတိုင်းဒေသကြီး)နှင့် ဆေးတက္ကသိုလ်(မကွေး)မှ သားဖွားမီးယပ်ဌာနတို့ ပူးပေါင်း၍ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် ရှာဖွေစစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို မတ် ၂၃ ရက် နံနက် ၇ နာရီခွဲမှစတင်၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မကွေးဆေးတက္ကသိုလ် သားဖွားမီးယပ်ဌာန ပါမောက္ခဌာနမှူး ဒေါက်တာခင်မေသင်းက သားအိမ်ခေါင်းကင်ဆာ ရောဂါအကြောင်းကို အသိပညာပေး ဟောပြောခဲ့ပြီး တွဲဖက်ပါမောက္ခ ဒေါက်တာမီမီရွှေက သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားပုံ၊ ကင်ဆာမဖြစ်မီ အကြိုအဆင့်နှင့် ကာကွယ်သောနည်းလမ်းများ၊ ကုသနည်းများကို အသိပညာပေး ဟောပြောခဲ့သည်။
ယင်းနောက် ဆေးတက္ကသိုလ်(မကွေး)မှ ပါမောက္ခဌာနမှူးနှင့် သားဖွားမီးယပ် ဆရာဝန်(၃၂)ဦးတို့က အိမ်ထောင်ရှင် အမျိုးသမီးဦးရေ (၄၀ဝ)ကျော်အား သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် ရှာဖွေစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြပြီး မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးကော်မတီ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းတို့က လိုအပ်သည်များ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)


