မင်းလှ ၂၄ မတ်

 


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ရွှေဝါမြိုင်အုပ်စု၊ ရွှေဝါမြိုင်စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာမှုစခန်း၌ မတ် ၂၃ ရက် နံနက် ၁၀ နာရီက စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် စိုက်ကွင်းများ ဆောင်ရွက်မည့် တောင်သူများ တွေ့ဆုံပွဲ ကျင်းပခဲ့သည်။

 


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီး ဦးအောင်ဇော်နိုင်က တောင်သူများစုပေါင်း၍ အကျိုးအမြတ်ရှိသော လုပ်ငန်းများကို ကိုယ်တိုင်လုပ်ကိုင်နိုင်ပြီး စိုက်ပျိုးစီးပွား တိုးတက်လာစေရန် တစ်ကွင်းတစ်စပ်တည်း ဧက (၁၀ဝ) တောင်သူများ ပေါင်းစည်းလျက် စပါးနှင့် ဟင်းသီးဟင်းရွက်များကို ကိုယ်တိုင်စိုက်ပျိုးရေး၊ စံပြသမဝါယမအသင်းများ မြို့နယ်အတွင်း ပေါ်ထွက်လာစေရန်ရည်ရွယ်၍ တစ်ဧကလျှင် ကျပ်(၃)သိန်းနူန်းဖြင့် ထုတ်ချေးမည်ဖြစ်ပြီး လယ်ယာကဏ္ဍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် အမှာစကား ပြောကြားသည်။

 


ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးလှမြင့်က စိုက်ပျိုးစီးပွားတိုးတက်ရေးအတွက် စိုက်ကွင်းများတွင် ဆောင်ရွက်ရမည့် နည်းပညာပေးလုပ်ငန်းများကို လည်းကောင်း၊ သမဝါယမ တိုင်းဒေသကြီးဦးစီးမှူး ဦးသူရိန်ချစ်ဆွေက ချေးငွေမူဝါဒနှင့် ပတ်သတ်သော အကြောင်းရာများကို လည်းကောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများ၏ သိရှိလိုသည်များကို ဆွေးနွေးဖြေကြားခဲ့သည်။ 

 


တွေ့ဆုံပွဲတွင် မင်းလှ၊ အုတ်ဖို၊ နတ်တလင်း၊ ရွှေတောင်၊ သဲကုန်း၊ ပြည်မြို့နယ်များမှ စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စိုက်ကွင်းဆောင်ရွက်မည့် တောင်သူများ တတ်ရောက်ခဲ့သည်။

 


ပေါက်စ (မင်းလှ)