မန္တလေး ၂၄ မတ်
မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းရှိ ၃၃ မိုင်ခန့်ရှိသည့် အဆိုးရွားဆုံး လမ်းပိုင်းနှစ်ပိုင်းကို ကိုရီးယားချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀ဝ ဖြင့် ရထားလမ်းအဆင့်မြှင့်တင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သိရသည်။
မန္တလေး-မြစ်ကြီးနား လမ်းပိုင်းရှိ တောင်ပေါ်ဒေသဖြစ်ပြီး မတော်တဆမှုများ အဖြစ်များကာ အဆိုးရွားဆုံး လမ်းပိုင်းနှစ်ခုဖြစ်သည့် ဂျိုးတောင်-မဲဇာလမ်းပိုင်းနှင့် မော်ဟန်-ကာဒူ လမ်းပိုင်းတို့မှာ စုစုပေါင်း လမ်းမိုင် ၃၃ မိုင်ခန့်ရှိကာ အဆိုပါ လမ်းပိုင်းနှစ်ပိုင်းကို ကိုရီးယားချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀ဝ ဖြင့် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်သွားရန် ညှိနှိုင်းပြီးဖြစ်ကြောင်း၊ ဖြစ်နိုင်ခြေများ လေ့လာသည့် အစီရင်ခံစာများလည်း တင်ပြီးဖြစ်ကာ အသေးစိတ် တိုင်းတာစစ်ဆေးမှုများ မကြာမီ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီလမ်းပိုင်းနှစ်ခုက ဒီမန္တလေး-မြစ်ကြီးနား လမ်းပိုင်းမှာ ဒုက္ခအပေးဆုံး လမ်းပိုင်းပါ။ တောင်ပေါ်ဒေသ လမ်းပိုင်းဖြစ်တော့ ရထားတွေလည်း အချိန်ကြန့်ကြာတယ်။ အရင်ကဆို မတော်တဆ ဖြစ်တာတွေလည်း များတယ်။ ဒါကြောင့်မို့ အဲ့ဒီအပိုင်းတွေကို ကိုရီးယားချေးငွေနဲ့ အဆင့်မြှင့်တင်ဖို့ ညှိနှိုင်းတာတွေလည်းပြီးပြီ။ ဖြစ်နိုင်ခြေ လေ့လာစမ်းစစ်မှု အစီရင်ခံစာလည်း တင်ပြီးသွားပြီ။ လာမယ့် ဧပြီလထဲမှာ mission တစ်ခုလာမယ်။ နောက်တစ်ဆင့်အနေနဲ့ အသေးစိတ် ဒီဇိုင်းတွေသွားမယ်။ ပြီးရင် ချေးငွေယူတဲ့ကိစ္စတွေ ဆက်လုပ်ပါမယ်။ ပြီးရင်တော့ ကျန်တာတွေ ဆက်လုပ်သွားမှာပါ” မြန်မာ့မီးရထားလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးမောင်မောင်သွင်က ပြောသည်။
မြန်မာ့မီးရထားလုပ်ငန်းအနေဖြင့် လက်ရှိတွင် ရန်ကုန်-မန္တလေး လမ်းပိုင်း၊ မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ ရန်ကုန်- ပဲခူး- မော်လမြိုင် လမ်းပိုင်းတို့ကို နိုင်ငံတကာချေးငွေများ၊ ပြည်ထောင်စုရန်ပုံငွေများဖြင့် အသီးသီး အဆင့်မြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိပြီး ယခု မန္တလေး-မြစ်ကြီးနား လမ်းပိုင်းမှ ကိုရီးယားချေးငွေဖြင့် ဆောင်ရွက်မည့် လမ်းပိုင်းနှစ်ခုအပြင် ကျန်လမ်းပိုင်းများကိုလည်း အစိုးရရန်ပုံငွေများဖြင့် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီ မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း အဆင့်မြှင့်တင်တဲ့ လုပ်ငန်းမှာ ၃၉ ပေ သံလမ်းတွေကို ကိုးချောင်းစီဆက်ပြီး လဲမယ်။ ပြီးတော့ ဇလီဖားတွေ၊ စနစ်မမှန်တာတွေ အရေအတွက်၊ အကွာအဝေး မမှန်တာတွေလည်း ထုတ်သွားမယ်။ အဆင့်မြှင့်ပေးသွားမယ်။ ပြီးရင် ရထားလမ်းရဲ့ အသက်တစ်ခုဖြစ်တဲ့ ကျောက်ပေါ့။ ကျောက်ကအရင်က ရှားပါးတဲ့အတွက် ကျောက်နဲတော့ ရထားက မငြိမ်ဘူးပေါ့။ အခု ကျောက်ဆို သတ်မှတ်တဲ့ စံချိန်စံညွှန်းနဲ့အညီ ထုအတိုင်းထည့်မယ်။ ရထားလမ်းကိုလည်း စက်အားကူပြုပြင်တဲ့စနစ်နဲ့ လုပ်မယ်။ မနှစ်ကဆို မိုင် ၈၀ လုပ်ပြီးပြီ။ ဒီနှစ် မိုင် ၁၀ဝ ရအောင်လုပ်မယ်။ အခု ကိုရီးယားချေးငွေနဲ့လုပ်မယ့် လမ်းပိုင်းနှစ်ခုအပြင် ကျန်တဲ့လမ်းပိုင်းတွေကို ပြီးအောင်လုပ်မယ်။ ရှေ့နှစ်ဆို ဒီဆိုးတဲ့လမ်းပိုင်း နှစ်ခုလည်း လုပ်နေပြီဆိုတော့ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းက ၂၀၂၁-၂၀၂၂ လောက်ဆိုရင် ပြီးစီးမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် လက်ရှိချိန်ထိ နိုင်ငံတော်ဘတ်ဂျတ်ဖြင့် ရွှေဘို-ရွာထောင်ကြား မိုင် ၃၀၊ အပေါ်ဘက်တွင် မဲဇာ-နန့်စီအောင် လမ်းပိုင်းတွင်လည်း ၄၈ မိုင် အဆင့်မြှင့်တင်ထားပြီး စုစုပေါင်း ၇၈ မိုင်ခန့်မှာ လုပ်ငန်းပြီးစီးထားပြီဖြစ်ကာ ယခုနှစ်တွင်လည်း ဘတ်ဂျတ်ရရှိမှုပေါ် မူတည်၍ မိုင် ၁၀ဝ ခန့် ဆက်လုပ်သွားမည်ဖြစ်ကြောင်း၊ ဘတ်ဂျတ်ရှိပါက ကိုရီးယား ချေးငွေဖြင့် ဆောင်ရွက်မည့် လမ်းပိုင်းမှအပ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းရှိ အခြားလမ်းပိုင်းများကို လာမည့်နှစ်တွင် ဆက်လက် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သိရသည်။
ကိုမင်း(အင်းတော်)


