မကွေး ၂၄ မတ်

 

လူငယ်ပန်းချီဆရာများ အတတ်ပညာ တိုးတက်လာစေရန် မကွေးပန်းချီအစည်းရုံးမှ ဦးဆောင်ကာ လက်သင် ပန်းချီဝါသနာရှင်များ၊ လူငယ်ပန်းချီဆရာများနှင့် မြို့ခံပန်းချီ ပညာရှင်များ ပြင်ပလက်တွေ့ ပန်းချီရေးဆွဲခြင်းများကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြုလုပ်ပေးနေကြောင်း သိရသည်။

 

မကွေးပန်းချီဆရာများမှာ ယခင်နှစ်ပေါင်းများစွာကတည်းက အစုအဖွဲ့ဖြင့် ပြင်ပလက်တွေ့ ပန်းချီရေးဆွဲခြင်းများ လုပ်ဆောင်ခဲ့သော်လည်း လူငယ်များပါဝင်သည့် တနင်္ဂနွေနေ့တိုင်း Sunday Outdoor ပန်းချီရေးဆွဲမှု လုပ်ဆောင်ခဲ့သည်မှာ ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ခဲ့ခြင်း ဖြစ်သည်။

 

ိိ

 

“ဘယ်ဟာကို ဘယ်လိုရေးရတယ်၊ မြင်ကွင်းကို ဘယ်လိုဖြတ်ရတယ်၊ အဲဒါတွေ တစ်ခါတည်းပြရင်းနဲ့ အတူတူ လက်တွေ့ပန်းချီရေးဆွဲတာတွေ လုပ်ပေးနေပါတယ်။ တက္ကသိုလ်မှာ ပန်းချီသင်တန်းသွားပြရင်းနဲ့ စိတ်ဝင်စားတဲ့ လူငယ်တွေ အောက်ဒိုးပန်းချီရေးဆွဲရာမှာ ပါဝင်လာကြတာပါ။ အဓိကကတော့ လူငယ်တွေကို ဦးစားပေးတာပါ။ ကျွန်တော်တို့က အသက်အရွယ် ကြီးရင့်သွားကြမှာပါ။ ပန်းချီအတတ်ပညာနဲ့ ပတ်သက်ပြီး လူငယ်တွေ တိုးတက်ဖို့၊ ပန်းချီရေးဆွဲရာမှာ အဆင်ပြေဖို့ စဉ်းစားလုပ်ဆောင်နေတာပါ” ဟု ပန်းချီဆရာ ဦးသူရိန်မြိုင်က ရှင်းပြသည်။

 

မကွေးဒေသတွင်း သဘာဝရှုခင်းများ၊ အထင်ကရနေရာများကို ပြင်ပလက်တွေ့ ရေးဆွဲမှုများ လတ်တလော လုပ်ဆောင်နေပြီး ပန်းချီသူရိန်မြိုင်၊ ပန်းချီမြင့်ဇော်ဦး၊ ပန်းချီဦးသန်းစိုး၊ ဦးအေးငြိမ်း (စက်မှုလယ်ယာ)၊ မကွေးတက္ကသိုလ် သမိုင်းကထိက ဦးမြင့်ထူး၊ လူငယ်ပန်းချီ ဆရာများဖြစ်သည့် ကိုစည်သူ၊ ကိုဝေဋ္ဌုအောင်၊ ကိုကိုကျော်နှင့် ဝါသနာရှင်များ ပါဝင်ရေးဆွဲနေကြကြောင်း သိရသည်။

 

ရန်ကုန်မြို့ ဗဟိုပန်းချီအစည်းအရုံးမှ ၂၀၁၉ ခုနှစ် ဇွန်လတွင် ပြုလုပ်မည့် ပန်းချီပြပွဲတွင် မကွေးမြို့မှ လူငယ်ပန်းချီ ဆရာများ ဝင်ရောက်ပြသနိုင်သည်အထိ လက်ရာအဆင့်အတန်းများ မြင့်မားလာစေရန် လုပ်ဆောင်ပေးနေခြင်းလည်း ဖြစ်ကြောင်း မကွေးမြို့နယ် ပန်းချီအစည်းအရုံးမှ သိရသည်။

 

ဇေယျတု(မကွေး)

 

နန