ဘားအံ   ၂၄   မတ်

ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးကောင်းမွန်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်းကို ယနေ့ နံနက် ၉ နာရီက ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ရဲသူရခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

5

 

“တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်သော် လည်းကောင်း၊ ပြည်နယ်အနေဖြင့်သော် လည်းကောင်း စိုက်ပျိုးရေးကဏ္ဍကို အခြေခံ၍ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ဆောင်ရွက်နေသည်မှာ ရာခိုင်နှုန်းအားဖြင့် ၇၀ ရာခိုင်နှုန်းအထက်ရှိကြောင်း၊ စိုက်ပျိုးရေး ထုတ်ကုန်ထုတ်လုပ်ရာတွင် အရည်အသွေး ကောင်းမွန်ရေး ထည့်သွင်းစဉ်းစားမှုကို အားနည်းခဲ့ရာမှ ယခုနောက်ပိုင်း၌ အရည်အသွေးပြည့်မီပြီး ဘေးအန္တရာယ်ကင်းရှင်းသော စိုက်ပျိုးရေးထုတ်ကုန်များကို ပမာဏများများ ထုတ်လုပ်နိုင်ခြင်းဖြင့် ဒေသခံ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် အရည်အသွေးပြည့်မီသော သီးနှံများထုတ်လုပ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် နည်းစနစ်များကို ယခုသင်တန်း၌ ပို့ချပေးသွားမည်ဖြစ်ကြောင်း” စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက်က ပြောသည်။

 

6

 

အဆိုပါ သင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာ ဌာနခွဲမှ ဦးတင်နိုင် (လ/ထ ညွှန်ကြားရေးမှူး)၊ ဒေါက်တာသီသီမာ (ဦးစီးအရာရှိ)နှင့် သီးနှံကာကွယ်ရေးဌာနခွဲ (ရန်ကုန်/ရုံးချုပ်)မှ ဦးဆန်းထွန်း(ဦးစီးအရာရှိ)တို့မှ စိုက်ပျိုးရေးဌာနမှ ဝန်ထမ်းများနှင့် တောင်သူလယ်သမားများ၊ စုစုပေါင်း (၆၄)ဦးကို အရည်အသွေးပြည့်မီသော သီးနှံများထုတ်လုပ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် နည်းစနစ်များကို နည်းပညာပေး သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို အရည်အသွေးကောင်းမွန်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)