မြင်းခြံ ၂၄ မတ်
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာအုပ်စု၊ စည်ပင်သာကျေးရွာတွင် ယနေ့မွန်းလွဲ ၁ နာရီ ၂၆ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြင်းခြံမြို့နယ် စည်ပင်သာကျေးရွာတွင် ဒေါ်အေးအေးခိုင် ပိုင်ဆိုင်သော ဂိုထောင် ဟောင်း (လူမနေ) မှ လျှပ်စစ်ဓာတ်တိုင်မှ သွယ်တန်းထားသော လျှပ်စစ်ဆားဗစ်ကြိုးအပူလွန်ကဲရာမှ မီးစတင် လောင်ကျွမ်းခဲ့ရာ ပေ (၄၀×၃၀) သွပ်မိုးထရံကာ အဆောက်အဦ(၂)လုံး ၊ ပေ (၄၀×၂၀) သွပ်မိုးထရံကာ အဆောက်အဦ(၁) လုံး စုစုပေါင်း အဆောက်အဦ(၃)လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ မီးလောင်ကျွမ်းမှုဖြစ်ပွားခြင်းကြောင့် ဘေးပတ်ဝန်းကျင်သို့ ကူးစက်လောင်ကျွမ်းမှု မရှိခြင်း၊ လူနှင့်တိရစ္ဆာန်များ ထိခိုက် သေဆုံးမှုမရှိကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မြင်းခြံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သောင်းဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြင်းခြံခရိုင်မီးသတ်တပ်ဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်နိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများနှင့်အတူ မီးသတ်ယာဉ်(၈)စီး၊ ရေသယ်ယာဉ်(၃)စီး၊ လူမှုကူညီရေးအသင်း ရေသယ်ယာဉ်နှင့် ပုဂ္ဂလိက ရေသယ်ယာဉ်များဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က လုံးဝမီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်ကြောင့် မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်အေးအေးခိုင်အား မြင်းခြံနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ဇော်မင်းနိုင် ( မြင်းခြံ )


