လွိုင်ကော်  ၂၆  မတ် 

 

ကယားပြည်နယ် လွိုင်ကော်မြို့တွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် စီမံကိန်းဘဏ်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကယားပြည်နယ်ခန်းမ၌ ကျင်းပသည်။ 

 

d

 

အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုမှ အဖွင့်အမှာစကား ပြောကြားရာတွင် MSDP နှင့်စပ်လျဉ်း၍ နိုင်ငံနှင့် ဒေသတိုင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးအခန်းကဏ္ဍကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးသည် အရေးကြီးပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂတွင် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံ့ခေါင်းဆောင်များအားလုံး MSDP ၏ ကျောရိုးဖြစ်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များ (Sustainable Development Goals – SDGs)ကို ၂၀၃၀ ပြည့်နှစ် အောင်မြင်စွာ ဆောင်ရွက်ပြီးစီးရေး သဘောတူ ကတိပြုထားကြောင်း၊ အဆိုပါပန်းတိုင် (၁၇)ချက် ဆောင်ရွက်ရေး လုပ်ငန်းစဉ်အား နိုင်ငံများအနေဖြင့် သဘောတူခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ သက်ဝင်ခဲ့ပါကြောင်း၊ SDGs ၏ 5Ps ဖြစ်သော People( လူသားများ)၊ Planet (ကမ္ဘာမြေ)၊ Prosperity (သာယာဝပြောမှု)၊ Peace (ငြိမ်းချမ်းရေး)၊ Partnership (ပူးပေါင်းဆောင်ရွက်မှု)များကို အခြေခံ၍ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း MSDP – Myanmar Sustainable Development Plan ကို နိုင်ငံအတွက်၊ ဒေသအတွက်ထားရှိသည့် ဖွံ့ဖြိုးရေးမျှော်မှန်းချက်များကို ထည့်သွင်းရေးဆွဲထားပြီး တစ်ချိန်တည်းမှာပင် ရည်မှန်းချက်များကို အပြည်ပြည်ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များနှင့် လိုက်လျောညီထွေစွာ ဖော်ပြထားသည်ကိုလည်း သိရှိနားလည်ကြောင်း အလေးပေးပြောကြားခဲ့သည်။

 

အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တရားလွှတ်တော်တရားသူကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မယ်စဲ့ နယ်စပ်ကုန်သွယ်ရေး ကုန်သည်များ အသင်းနှင့် တာဝန်ရှိသူများ စုံလင်စွာ တက်ရောက်ခဲ့ကြပြီး ပထမပိုင်းအစီအစဉ်ကို ခေတ္တရပ်နားခဲ့သည်။

 

e

 

ယင်းနောက် ဒုတိယပိုင်း အခမ်းအနားကို မြန်မာ့ဖွံ့ဖြိုးမှု အဖွဲ့အစည်း(MDI)၏ Senior Operations Specialist ဒေါ်သီသီနွဲ့မှ Myanmar Sustainable Development Plan – MSDP နှင့် Project Bank အကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ မြန်မာ့ဖွံ့ဖြိုးမှုအဖွဲ့အစည်း (MDI) ၏ Project Evaluation Specialist ဒေါက်တာ စိုးခိုင်မှ Project Proposal Submission Template အကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများ၊ အဖွဲ့အစည်းအသီးသီးမှ တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

 

လှရွှေ(ပြန်/ဆက်)