နေပြည်တော် ၂၆ မတ် 

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သည် ပြင်ပလူနာ ဝန်ဆောင်မှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် မေမေဆေးရုံနှင့် ပူးပေါင်း၍ လူမှုဖူလုံရေး-မေမေ အထွေထွေ ရောဂါကုဆေးခန်း ဖွင့်လှစ်ခြင်းအခမ်းအနားကို  ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

11

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးကို အားဖြည့်ဆောင်ရွက်ခြင်းဖြင့် သာတူညီမျှမှုနှင့် သဟဇာတဖြစ်မှုများ ထွန်းကားသော မြန်မာ့လူ့ဘောင်တစ်ရပ် တည်ဆောက်ရန် မျှော်မှန်းပြီး နိုင်ငံသူ နိုင်ငံသားများ၏ လူမှုစီးပွားဘဝ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ကို ရေးဆွဲပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။ 

22

လူမှုဖူလုံရေးအဖွဲ့သည် မြန်မာနိုင်ငံတွင် တစ်ခုတည်းသော ကျန်းမာရေးစောင့်ရှောက်မှု အာမခံစနစ် ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းဖြစ်ပြီး ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်သမား၊ အလုပ်ရှင်တို့၏ ထည့်ဝင်ကြေးငွေတို့ဖြင့် နိုင်ငံတော်၏ အဓိကကုန်ထုတ် စွမ်းအားစုဖြစ်သည့် အလုပ်သမားများ၏ လူမှုဘဝ လုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုခံစားရရှိစေရန် လုပ်ငန်းစီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံသားများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု ဆောင်ရွက်လျက်ရှိပါကြောင်း။ 

 

နေပြည်တော်၌ တာဝန်ထမ်းဆောင်နေသည့် အာမခံအလုပ်သမားများ အဆင်ပြေစွာ ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်စေရန် လူမှုဖူလုံရေး-မေမေ အထွေထွေ ရောဂါကုဆေးခန်းကို စမ်းသပ်စီမံကိန်း (Pilot Project) အနေဖြင့် ထပ်မံတိုးချဲ့ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။ 

 

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က နေပြည်တော်ကောင်စီအတွင်း လူမှုဖူလုံရေးအဖွဲ့၌ အကျုံးဝင် အာမခံထားသည့် အလုပ်ဌာန (၈၂၄) ဌာနနှင့် အလုပ်သမား (၂၈,ဝ၅၀) ဦးတို့သည် လူမှုဖူလုံရေး ဆေးခန်း (၃)ခန်းတွင် ဆေးကုသလျက်ရှိပါကြောင်း၊ ယခုဆိုလျှင် လူမှုဖူလုံရေး အဖွဲ့သည် အာမခံအလုပ်သမားများကို ဆေးကုသရာတွင် ပိုမိုထိရောက်စွာ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ပြင်ပလူနာ ဝန်ဆောင်မှုကို မေမေဆေးရုံနှင့် စာချုပ်ချုပ်ဆိုခြင်း ဖြစ်သည့်အတွက် မိမိတို့ နေပြည်တော်ကောင်စီ နယ်မြေအတွင်း နေထိုင်ကြသည့် အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်း ဖြစ်သည့်အတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း ပြောကြားသည်။

 

ယင်းနောက် မေမေဆေးရုံမှ ဒေါက်တာကျော်ခိုင်က ဆေးခန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ အလုပ်ရှင်ကိုယ်စားလှယ် ဦးသန်းထွဋ်နှင့် အလုပ်သမား ကိုယ်စားလှယ် ဒေါ်ဝင်းသီတာတို့က ကျေးဇူးတင်စကား ပြောကြားသည်။ 

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်  လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်တို့က ဖွင့်ပွဲအထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်များပေးအပ်ကာ  မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

ဆက်လက်၍သပြေကုန်းရပ်ကွက်ရှိ လူမှုဖူလုံရေး-မေမေ အထွေထွေရောဂါကု ဆေးခန်း၏ ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို မေမေဆေးရုံ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မေမေဆေး ရုံတာဝန်ခံနှင့် အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမားကိုယ် စားလှယ်တို့ကဆေးခန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဆေးခန်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။ 

 

လူမှုဖူလုံရေးအဖွဲ့သည် အကျုံးဝင် အာမခံအလုပ်သမားများအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ပိုမိုထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် သဘောတူစာချုပ် ချုပ်ဆိုပြီး ပြင်ပလူနာဝန်ဆောင်မှုဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုကို Provider Purchaser Split စနစ်အရ မြှင့်တင်ဆောင်ရွက်ခြင်းနှင့် နိုင်ငံတကာ၌ ကျင့်သုံးလျက်ရှိသည့် Capitation ငွေပေးချေမှုစနစ်ဖြင့် ဆေးခန်းများကို ဖွင့်လှစ်၍လည်းကောင်း၊ ကျန်းမာရေးဝန်ဆောင်မှု ကုမ္ပဏီများနှင့် သဘောတူစာချုပ် ချုပ်ဆိုပြီး ဝန်ဆောင်မှုတစ်ကြိမ်အတွက် သတ်မှတ်ထားသည့် နှုန်းထားဖြင့် ငွေပြန်လည်ပေးချေခြင်း (Pervisit) ဖြင့်လည်းကောင်း၊ ဆေးဝါးသုံးစွဲမှုအတွက် (Fee for Service)ဖြင့် ငွေပြန်လည်ပေးချေခြင်း နည်းလမ်းများဖြင့် စမ်းသပ်ကျင့်သုံး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)