ရန်ကုန် ၂၆ မတ်
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ် ကျင်းပသည့် ဆေးလိပ်ငွေ့ကင်းစင် ဒို့များကျောင်းတစ်ခွင် ပန်းချီပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ပညာ့အလင်း ခေတ်မီစာကြည့်တိုက်၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းမှ ဒုတိယဥက္ကဋ္ဌဒေါက်တာ ဦးသိန်းဆွေက အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွဲ့သိင်္ဂီက ပန်းချီပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားသည်။
ထို့နောက် ပထမဆုရ မမေသံစဉ်၊ ဒုတိယဆုရ မလဝန်းခင်၊ တတိယဆုရ မောင်ဘုန်းနေလွင်တို့နှင့် အထူးဆုနှင့် နှစ်သိမ့်ဆု ရရှိခဲ့သူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံပန်းချီ၊ ပန်းပုအစည်းအရုံး(ဗဟို)တို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီ အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းတွင် တက်ရောက်သင်ကြားခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ၃၈ ဦးတို့အား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
(သတင်းစဉ်)


