မန္တလေး ၇ မေ
မန္တလေးမြို့တော် လုံခြုံရေးအတွက် AI (Artificial Intelligence- အသိဉာဏ်တု) နည်းပညာ ပါဝင်သော ကင်မရာများကို မြို့နယ် ၃ ခုတွင် တပ်ဆင်နိုင်ရန် စီစဉ်နေကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံကသိရသည်။
အဆိုပါ ကင်မရာများကို တရုတ်နိုင်ငံ၏ ဟွာဝေး ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆို၍ စီစဉ်ဆောင်ရွက်လျက်ရှိပြီး AI နည်းပညာပါဝင်သော ကင်မရာများတွင် မျက်နှာမှတ်သည့် စနစ်(Face Recognition system)နှင့် ရာဇဝတ်မှုဖြစ်ပွားရာ အနီးစပ်ဆုံးတွင်ရှိသော ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနချုပ်သို့ အသိပေး အကြောင်းကြားသည့့်စနစ်တို့ ပါဝင်ကြောင်း သိရသည်။
" မန္တလေး မြို့နယ် ၆ ခု အနက် မှုခင်းအများဆုံးဖြစ်ပွားတဲ့ မြို့နယ် သုံးခုနဲ့ နည်းပညာတက္ကသိုလ် နှစ်ခုတို့မှာ ကနဦး တပ်ဆင်သွားရန် စီစဉ်ထားတယ် ကုန်ကျစရိတ်ကတော့ သိန်းပေါင်း ၁၉၀ဝ၀ (ဝန်းကျင်) ကုန်ကျမယ် " ဟု လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် က ပြောသည်။
အဆိုပါ ကင်မရာများတပ်ဆင်ရန် ရဲတပ်ဖွဲ့နှင့် ဟွာဝေး ကုမ္ပဏီတို့ ပူးပေါင်း၍ ကင်မရာနှင့် အထိုင်စက်များ တပ်ဆင်ရန် စစ်တမ်းကောက်ယူလျက်ရှိပြီး တပ်ဆင်အသုံးပြုနိုင်ရန်အတွက် ဟွာဝေးကုမ္ပဏီနှင့် ဇွန်လအတွင်း စာချုပ်ချုပ်ဆိုနိုင်ရန် စီစဉ်ထားကြောင်းသိရသည် ။
မန္တလေးမြို့အတွင်း၌ ရဲတပ်ဖွဲ့သည် စောင့်ကြည့်ကင်မရာ (စီစီတီဗီ) တပ်ဆင်ထားပြီး မြို့တော်စည်ပင်သာယာရေးကော်မတီကလည်း မီးပွိုင့်များတွင် နည်းပညာမြင့် ကင်မရာများ တပ်ဆင် အသုံးပြုလျက်ရှိသည်။
သူရိန်လင်း


