မန္တလေး ၇ မေ
မန္တလေးမြို့ရှိ ကျူးကျော်နေအိမ်များတွင် နေထိုင်သည့် ကလေးများစာရင်း ကောက်ယူသွား မည်ဖြစ်ကြောင်း ကလေးများအရေးဆောင်ရွက်သည့် FLAG Youth Organization မှ သိရသည်။
ကျူးကျော်ရပ်ကွက်တွင် နေထိုင်သည့် ကလေးငယ်များ၏ ပညာရေး ၊ ကျန်းမာရေး ၊ ခွဲခြားဆက်ဆံခံရမှု ၊ ဖိနှိပ်ခံရမှုစသည့် စာရင်းအချက်အလက်များကို ကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
‘အိမ်ခြေရာမဲ့ကလေးတွေကို တခြားကလေးတွေနဲ့နှိုင်းယှဉ်တဲ့အခါမှာ အဘက်ဘက်က ဖိနှိပ်ခံရတယ်။ စာရင်းအချက်အလက်အတိကျရှိဖို့လိုတယ်။ ကလေးတွေ အဓိကထားပြီး ကောက်မယ်’ဟု FLAG Youth Organization ဒါရိုက်တာ ကိုအောင်သူက ပြောသည်။
မန္တလေး ခုနှစ်မြို့နယ်အတွင်းရှိ ကျူးကျော်နေအိမ်များတွင် နေထိုင်သည့် ကလေးများစာရင်းကို လာမည့်ဇူလိုင်လတွင် စတင်ကောက်ယူမည်ဖြစ်ကြောင်းသိရသည်။ ပထမဆုံးအနေဖြင့် ကမ်းနားလမ်းရှိ ကျူးကျော်နေထိုင်သည့် ကလေးများစာရင်းကို စတင်ကောက်ယူမည် ဖြစ်ကြောင်းသိရသည်။
ကျူးကျော်နေအိမ်များတွင် နေထိုင်သည့် ကလေးများစာရင်းကို ယခင်ကကောက်ယူမှု ပြုလုပ်ခဲ့ပေမယ့် အားနည်းချက်များရှိကြောင်းသိရသည်။
‘အရင်က ကောက်ဖူးတယ်။ အားနည်းချက်က နည်းပညာမရှိ ၊ ငွေကြေးမရှိခဲ့ဘူး ၊ အဲဒါကြောင့် အရင်က ကောက်ခဲ့တဲ့အချက်အလက်တွေက သေချာတယ်လို့ ပြောလို့မရဘူး’ဟု ကိုအောင်သူက ပြောသည်။
ကျူးကျော်နေအိမ်များတွင်နေထိုင်သည့် ကလေးငယ်များသည် ခွဲခြားဆက်ဆံခံရခြင်း ၊ ဖိနှိပ်ခံရခြင်း များခံစားနေရကြောင်းသိရသည်။
‘အဓိကကတော့ ခွဲခြားဆက်ဆံခံရတယ်။ ကျူးချင်းတူရင်တောင် ဒီဘက်က ကလေးတွေနဲ့ကစားရင် သူတို့ကမိုက်ရိုင်းတယ်။ မိဘတွေက သွန်သင်မှုမရှိဘူးဆိုပြီး ခွဲခြားဆက်ဆံခံရတယ်’ဟု မန္တလေးမြို့ ကမ်းနားလမ်းရှိ ကျူးကျော်နေအိမ်တွင်နေထိုင်သည့် ကလေးများငြိမ်းချမ်းရေးအဖွဲ့ဥက္ကဌ မမွန်က ပြောသည်။
ကျူးကျော်နေအိမ်များတွင်နေထိုင်သည့် ကလေးများစာရင်းအချက်အလက်အတိအကျရပါက သက်ဆိုင်ရာ အစိုးရအဖွဲ့ထံတင်ပြသွားမည်ဖြစ်ကြောင်းသိရသည်။
အိမို့မို့ခိုင်


