နေပြည်တော် ၇ မေ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ လူမျိုးစုရေးရာကော်မတီ၏ ဒုတိယဝန်ကြီးနှင့် ဒုတိယဥက္ကဋ္ဌ H.E.Mr.Phan Van Hung နှင့်အဖွဲ့အား ယနေ့နံနက် (၁၀) နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ဗီယက်နမ်အကြား ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကဏ္ဍများတွင် ဆောင်ရွက်နေမှု၊ နှစ်ကာလကြာရှည်စွာ ဖြစ်တည်ခဲ့သည့် ချစ်ကြည်ရင်းနှီးမှု ပူးပေါင်းဆက်ဆံဆောင်ရွက်ခဲ့မှု၊ မဟာမဲခေါင် (CLMV) ဒေသခွဲ အဖွဲ့ဝင်နိုင်ငံများ၊ ဒေသတွင်း နိုင်ငံများပါဝင်သည့် အစည်းအဝေးများတွင် ဘက်မလိုက်စွာဖြင့် ရပ်တည်၊ ထောက်ခံပူးပေါင်းဆောင်ရွက်မှု၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် လူမျိုးစုရေးရာကော်မတီတို့အကြား ၁၉၉၄ ခုနှစ်မှ စတင်ခဲ့သည့် (Memorandon of Understanding MoU) အရ နှစ်ဖက်တာဝန်ရှိသူများ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ခြင်း၊ ပူးပေါင်းဆောင်ရွက်ခဲ့မှု၊ နယ်စပ်ရေးရာဝန်ကြီးဌာန၏ မဟာဗျူဟာ ရည်မှန်းချက်အရ အကောင်အထည်ဖော် ဆောင်ရွက်နေသော အဓိကလုပ်ငန်းတာဝန် (၂)ခုဖြစ်သည့် မြန်မာနိုင်ငံနယ်စပ် ဒေသအတွင်း အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ဆောင်ရွက်နေမှု၊ အနာဂတ်ကာလတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး ရှေ့လုပ်ငန်းစဉ်များဆိုင်ရာ အစည်းအဝေးကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ လူမျိုးစုရေးရာကော်မတီ ဒုတိယဝန်ကြီးနှင့် ဒုတိယဥက္ကဋ္ဌ H.E.Mr.Phan Van Hung တို့ ဦးဆောင်၍ ကျင်းပသည်။
အဆိုပါအစည်းအဝေးတွင် နယ်စပ်ဒေသများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံများ ဆောင်ရွက်ပေးနေမှု၊ နယ်စပ်ဒေသရှိ တိုင်းရင်းသား လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (၂)ခု (ရန်ကုန်၊ စစ်ကိုင်း)၊ လူငယ်သင်တန်းကျောင်း (၄၅)ကျောင်းဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပို့ချပေးနေမှု၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (၄၅)ကျောင်းနှင့် စက်မှုလက်မှုသင်တန်းကျောင်း (၉)ကျောင်း ဖွင့်လှစ်သင်ကြားပေးနေမှု၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် လူမျိုးစုရေးရာ ကော်မတီတို့အကြား ချစ်ကြည်ရေး အလည်အပတ်ခရီးစဉ်များ အပြန်အလှန် သွားရောက်ခဲ့ကြသည့်အတွက် နှစ်နိုင်ငံချစ်ကြည်ရေး တိုးတက်ခိုင်မာမှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မှု၊ အချင်းချင်း အပြန်အလှန်ယုံကြည်မှု၊ လေးစားမှု၊ နားလည်မှု၊ ချစ်ခင်မှုတို့ဖြင့် စည်းလုံးညီညွတ်ရေးအတွက် အဓိကဦးတည် ဆောင်ရွက်ပေးနေမှုများနှင့် စပ်လျဉ်း၍ နှစ်ဦးနှစ်ဖက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ လူမျိုးစုရေးရာကော်မတီ ဒုတိယဝန်ကြီးနှင့် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့သည် မေ ၆ ရက်မှ ၁၀ ရက်အထိ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


