မန္တလေး ၇ မေ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် (၁၆/၂၀၁၉)အရ မန္တလေးဗဟိုအကျဉ်းထောင်မှ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား အကျဉ်းသူ ၇၄၄ ဦးအား မေ ၇ ရက်တွင် စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

 

4696

 

အဆိုပါ လွတ်ငြိမ်းသက်သာခွင့်ရရှိသူ ၇၄၄ ဦးအနက် အကျဉ်းသားဦးရေ ၆၉၈ ဦးနှင့် အကျဉ်းသူ ၄၆ ဦးတို့ဖြစ်ပြီး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ရရှိသူအများစုမှာ မူးယစ်ဆေးဝါးမှုဖြင့် ပြစ်ဒဏ်ကျခံနေသူများဖြစ်ကြောင်း မန္တလေးဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်းက ပြောသည်။

''ဒီနေ့မှာ နိုင်ငံတော်သမ္မတကြီးရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ကျွန်တော်တို့ ဗဟိုအကျဉ်းထောင်က အကျဉ်းသား အကျဉ်းသူ ၇၄၄ ဦးကို ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ သူတို့အတွက် စားစရိတ် တစ်ထောင်ကျပ်နဲ့ ပြန်ရမယ့် ခရီးအကွာအဝေးအလိုက် တစ်မိုင်ကို  ၃၅ ကျပ်နှုန်းနဲ့ တွက်ချက်ပြီး ခရီးစရိတ်တွေလည်း ထုတ်ပေးထားပါတယ်။ ဒီနေ့မှာ လွတ်မြောက်သွားတဲ့ သူတွေက ထောင်ထဲမှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာပြီး နေထိုင်တတ်အောင် လေ့ကျင့်ပေးထားပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာနဲ့ ပေါင်းသင်းဆက်ဆံရေးတွေကို အကျဉ်းသားဘဝက လိုက်နာနေထိုင်ခဲ့တဲ့အတိုင်း ပြင်ပလောကမှာလည်း သတ်မှတ်ထားတဲ့ စည်းကမ်းဥပဒေကို တိကျစွာလိုက်နာပြီး နေထိုင်သွားကြမယ်ဆိုရင် နောက်တစ်ခါထပ်ပြီး အကျဉ်းသားဘဝကို ရောက်ရှိလာတော့မှာ မဟုတ်ပါဘူး''ဟု ၎င်းက ပြောသည်။

အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် ယနေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေးဗဟိုအကျဉ်းထောင်၊ မိတ္ထီလာ၊ မြင်းခြံ၊ ရမည်းသင်း၊ ညောင်ဦးနှင့် နေပြည်တော် အကျဉ်းထောင်အသီးသီးတို့မှ အကျဉ်းသား အကျဉ်းသူ စုစုပေါင်း ၁၁၀၆ ဦး ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် ယနေ့ ပြန်လည်လွတ်မြောက်လာသည့် ဗန်းမော်မြို့နယ်မှ မဆွေကလည်း ''ကျွန်မ မူးယစ်မှုနဲ့ ပြစ်ဒဏ် ၁၂ နှစ် ကျခံရပါတယ်။ အခု ၅ နှစ်မပြည့်ခင် ပြန်ပြီးလွတ်လာတဲ့အတွက် သမ္မတကြီးနဲ့ တာဝန်ရှိသူအားလုံးကို အထူးကျေးဇူးပါတယ်။ ကျွန်မတို့ လွတ်လာလို့ ဝမ်းသာပျော်ရွှင်နေရပေမယ့် အထဲမှာ ငိုယိုပြီး စိတ်ထိခိုက်နေကြတဲ့ ကျန်ရှိနေသူတွေကိုလည်း မျှမျှတတ စိစစ်ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်'' ဟု ပြောသည်။

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် မန္တလေးဗဟိုအကျဉ်းထောင်မှ ပထမအကြိမ်အဖြစ် ယခုနှစ်အတွင်း ဧပြီ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့)တွင် အကျဉ်းကျခံ အကျဉ်းသား အကျဉ်းသူ ဦးရေ ၄၃၇ ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး ယနေ့တွင် အကျဉ်းသား အကျဉ်းသူ ၇၄၄ ဦးကို ဒုတိယအကြိမ်အမြောက်အဖြစ် ထပ်မံလွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ - အောင်ဖြိုးကျော်