မြောင်းမြ ၇ မေ
မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် ထွန်းကားရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ချောမွေ့အောင်မြင်စေရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး အထောက်အကူပြုစေရန်အတွက် ရည်ရွယ်ချက်ဖြင့် မြန်မာနှစ်ကူးကာလတွင် နိုင်ငံတော်သမ္မတရုံးက ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်များ ထုတ်ပြန်ခဲ့ရာ ယခု တတိယအကြိမ် အမိန့်အမှတ် ၁၆/၂၀၁၉ ဖြင့် မြောင်းမြအကျဉ်းထောင်မှ (၃၃)ဦး လွတ်ငြိမ်းချမ်းသာခွင့် ရရှိကြောင်း သိရသည်။
အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူများအား မြောင်းမြခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကျော်စိုးထွန်းနှင့် တာဝန်ရှိသူများက ဆုံးမသြဝါဒများ ပြောကြားပြီး မြောင်းမြအကျဉ်းထောင် ထောင်မှူးကြီးက ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် နယ်အဝေး ဒေသအသီးသီး နေရပ်ပြန်ကြမည့် သူများအတွက် ခရီးစရိတ်နှင့် မီးရထားစီးနင်းခွင့် လက်မှတ်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ယခုတတိယအကြိမ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာတွင် မြောင်းမြအကျဉ်းထောင်မှ အမျိုးသား (၂၈)ဦး၊ အမျိုးသမီး (၅)ဦးတို့ လွတ်ငြိမ်းသက်သာခွင့်ရရှိကြောင်း သိရသည်။
အောင်မင်း (မြောင်းမြ)


