နေပြည်တော် ၇ မေ
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသုံးသပ်မှုနှင့် ညှိနှိုင်းအကောင်အထည်ဖော်ရေးအဖွဲ့၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့တို့မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ စီးပွားရေးပညာရှင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးဖြစ်ပါကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ကုန်သွယ်မှုလုပ်ငန်းများအား ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ရန်အတွက် “အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ”ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ၂၀၁၆ ခုနှစ်၊ ဇွန်လ(၇)ရက်တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၄၄/၂၀၁၆ ဖြင့် လုပ်ငန်းတာဝန် (၁၁)ရပ် ချမှတ်ကာစုစုပေါင်း (၂၄)ဦးဖြင့်ဖွဲ့စည်းခဲ့ပါကြောင်း၊ အဆိုပါဗဟိုကော်မတီက ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၁/၂၀၁၇ ဖြင့် “အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ”ကို လုပ်ငန်းတာဝန်(၁၄)ရပ် ချမှတ်ကာအဖွဲ့ဝင်(၄၀)ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ချမှတ်ထားသည့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် “အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှုနှင့် ညှိနှိုင်းအကောင် အထည်ဖော်ရေးအဖွဲ့”၊ “အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ”နှင့် “အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့”တို့ကို ဖွဲ့စည်းပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ဒေသဆိုင်ရာအေဂျင်စီများကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ (၄)ခုဖြစ်သည့် “ဝ”၊ နာဂ၊ ဓနုနှင့် ပအိုဝ်းတို့၌ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွဲ့စည်းရန်ကျန်ရှိသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၂)ခုဖြစ်သော ပလောင်နှင့် ကိုးကန့်တို့တွင်လည်း မကြာမီဖွဲ့စည်းပြီးတော့မည် ဖြစ်ပါကြောင်း။
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးများကို (၃)ကြိမ်ကျင်းပခဲ့ပြီးအစည်းအဝေး ဆုံးဖြတ်ချက် စုစုပေါင်း (၂၇)ချက်ချမှတ်ခဲ့ရာ ဆောင်ရွက်ပြီး (၁၅)ချက်၊ ဆောင်ရွက်ဆဲ (၁၂)ချက်ရှိပါကြောင်း၊ ဆောင်ရွက်ဆဲ (၁၂)ချက်ကိုလည်း အချိန်ကာလသတ်မှတ်ပြီး အမြန်ပြီးစီးအောင် ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။
မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအနက် (၉၉)ရာခိုင်နှုန်းသည် MSME များဖြစ်သည့် အတွက် MSME များ ဖွံ့ဖြိုးတိုးတက်မှသာနိုင်ငံတော်၏ စီးပွားရေးလည်းဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအနေဖြင့် MSME များ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေတွင် ပါရှိသည့် ရည်ရွယ်ချက် (၄)ချက်ကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ပြောကြားလိုပါကြောင်း၊ အဆိုပါရည်ရွယ်ချက်များမှာ “အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် စီးပွားရေးနှင့်ဆက်စပ်သည့် သတင်းအချက်အလက်၊ နည်းပညာ အထောက်အကူများနှင့် ငွေကြေးပံ့ပိုးမှုများ လွယ်ကူစွာရရှိနိုင်စေရန်”၊ “အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများသည် ပြည်တွင်းပြည်ပဈေးကွက်များသို့ လက်လှမ်းမီစေရန်နှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည် မြင့်မားတိုးတက်စေရန်”၊ “အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းအားဖြင့် ပြည်သူများအလုပ်အကိုင် အခွင့်အလမ်းသစ်များနှင့်အတူ ဝင်ငွေတိုးတက်ရရှိလာစေရန်”နှင့် “အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းဆိုင်ရာ အခက်အခဲများနှင့် အဟန့်အတားများကို လျော့ပါးစေရန်”တို့ ဖြစ်ပါကြောင်း၊ ယင်းရည်ရွယ်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များနှင့် ပုဂ္ဂလိကကဏ္ဍတို့ ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
MSME များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် MSME များ၏ ဒေသတွင်းထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကျင်းပခဲ့ရာ မန္တလေး၊ မကွေး၊ ပုသိမ်၊ တောင်ကြီး၊ မုံရွာ၊ ပဲခူး၊ ရန်ကုန်၊ မော်လမြိုင်နှင့် မြိတ်မြို့တို့၌ (၉)ကြိမ်ကျင်းပခဲ့ပြီး နိုင်ငံတော်အဆင့် MSME များ၏ ဒေသတွင်း ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲများကို နေပြည်တော်တွင် မတ်(၂၂)ရက်မှ (၂၄)ရက် အထိ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ယခု လိုပြပွဲနှင့်ပြိုင်ပွဲများကို ကျင်းပပေးခဲ့သည့်အတွက် MSME များ၏ ထုတ်ကုန်အရည် အသွေးများ၊ ဈေးကွက်ရရှိမှုများ၊ နည်းပညာနှင့် စီးပွားရေးဆိုင်ရာ အသိအမြင်များ ယခင်ကထက် အထိုက်အလျောက် အောင်မြင်တိုးတက်လာသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။
တိုင်းဒေသကြီး/ပြည်နယ် (၉)ခုတွင် ကျင်းပပြုလုပ်ခဲ့သည့် ပြပွဲနှင့်ပြိုင်ပွဲများ၌ အသေးစား လုပ်ငန်းရှင် (၃၉)ဦး၊ အငယ်စားလုပ်ငန်းရှင် (၄၃)ဦး၊ အလတ်စားလုပ်ငန်းရှင် (၄၀)ဦး၊ စုစုပေါင်း (၁၂၂)ဦးကို ဆုများချီးမြှင့်ပေးခဲ့ပါကြောင်း၊ ထို့ပြင် နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် “နိုင်ငံတော်အဆင့် ပြပွဲနှင့်ပြိုင်ပွဲ”၌ ပထမဆုရရှိသူ(၃)ဦး၊ ဒုတိယဆုရရှိသူ (၅)ဦး၊ တတိယ ဆုရရှိသူ (၆)ဦး စုစုပေါင်း(၁၄)ဦးကို ဆုများချီးမြှင့်ပေးခဲ့သည့်အပြင် “စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ MSMEs ဘဏ်ချေးငွေရရှိရေး လုပ်ငန်းကော်မတီ” ကလည်း MSMEs ချေးငွေချေးယူခွင့်လက်မှတ်များကို ပေးအပ်ခဲ့ပါကြောင်း၊ ဒေသတွင်းနှင့် နိုင်ငံတော်အဆင့် ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများတွင် ဆုရရှိသူများအားလုံးကို၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများတွင် MSMEs Product Logo အသုံးပြုခွင့်ပေးသွားမည်ဖြစ်သည့်အပြင် လိုအပ်သည့် မူဝါဒ၊ ညွှန်ကြားချက်များကိုလည်း ထုတ်ပြန်ပေးသွားမည် ဖြစ်ပါကြောင်း။
ထို့ပြင် MSMEs လုပ်ငန်းရှင်များအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)၊ ကောင်းမွန်စွာ ထုတ်လုပ်ခြင်း အလေ့အကျင့်ကောင်းများ (GMP)နှင့် ကောင်းမွန်သော သန့်ရှင်းမှု နည်းစဉ်များ(GHP)ကို ပိုမိုသိရှိနားလည်ပြီး ၎င်းတို့၏လုပ်ငန်းများတွင် လိုအပ်ချက်များရှိပါက ပြင်ဆင်နိုင်ရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ပေးရမည့်အပြင် အလားအလာကောင်းသည့် MSME များကို Certificate များ ထုတ်ပေးနိုင်ရေးအတွက် ဒေသဆိုင်ရာ အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းကာ စိစစ်ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း။
ယခုအခါ ဒေသအလိုက် MSME များအား ပံ့ပိုးပေးနေသည့် Action Plan များကို မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပလျက်ရှိရာ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ် (၁၅)ခုရှိသည့်အနက် (၇)ခု ကျန်ရှိနေသည်ဟု သိရှိရပါကြောင်း၊ ကျန်ရှိနေသည့် တိုင်းဒေသကြီး/ပြည်နယ် (၇)ခုအနေဖြင့် ဆက်လက်ဆောင်ရွက်သွားရန်နှင့် ၎င်း Action Plan တွင်ပါရှိသော ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် NGO များပူးပေါင်းကာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
MSME များအတွက် လိုအပ်သည့်ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် “စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ”နှင့် “ကုန်အမှတ်တံဆိပ်မူ ပိုင်ခွင့်ဥပဒေ” တို့ကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ မတ်လတွင် “တီထွင်မှုမူပိုင်ခွင့်ဥပဒေ”ကို လည်းကောင်း ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ “စာပေအနုပညာမူပိုင်ခွင့်ဥပဒေ” ကို ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးလျက်ရှိပြီး မကြာမီပြဋ္ဌာန်းနိုင်မည် ဖြစ်ပါကြောင်း။
“ASEAN SME လုပ်ငန်းအကောင်အထည်ဖော်ရေး ပူးပေါင်းကော်မတီ (ACCMSME)” နှင့် “စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်း (OECD)” တို့ပူးပေါင်းပြီး အာဆီယံဒေသတွင်း SME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်မူဝါဒများ ချမှတ်ခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းတို့အပေါ်တွင် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်း (OECD) ကမူဝါဒဆိုင်ရာ အညွှန်းကိန်းများကို (၄)နှစ်တစ်ကြိမ် ဖော်ပြလျက်ရှိရာ ၂၀၁၈ ခုနှစ်တွင် SME Policy Index အချက် (၈)ချက်နှင့် တိုင်းတာသုံးသပ်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။
အဆိုပါအချက် (၈)ချက်မှာ ထုတ်လုပ်မှုစွမ်းအား နည်းပညာနှင့် တီထွင်ဆန်းသစ်မှု၊ အစိမ်းရောင်အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ၊ ချေးငွေရရှိမှု၊ ဈေးကွက်ရရှိရေးနှင့် နိုင်ငံတကာအဆင့်သို့ ဝင်ရောက်ရေး၊ အထောက်အကူပြုအဖွဲ့အစည်း မူဘောင်၊ ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အခွန်အခများ၊ စွန့်ဦးတီထွင်မှုပညာရေး ကျွမ်းကျင်မှုနှင့် လူမှုအကျိုးပြုလုပ်ငန်းနှင့် အားလုံးပါဝင်သော အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများ ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့် SME Policy Index Score မြင့်မားစေရေးအတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
MSME များတွင် ဆန်းသစ်ပြီး အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်၊ ပြည်တွင်းပြည်ပ ဈေးကွက်ချဲ့ထွင်နိုင်ရန်၊ နည်းပညာနှင့် စီးပွားရေးဆိုင်ရာ အသိဉာဏ် မြင့်မားလာစေရန်၊ ပြည်တွင်းပြည်ပ MSME များဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နိုင်စေရန်၊ သွင်းကုန်အစားထိုးထုတ်ကုန်များ ပိုမိုထုတ်လုပ်လာနိုင်စေရန်၊ လိုအပ်သည့် ချေးငွေများရရှိနိုင်ရန်၊ ခေတ်နှင့်အညီ ပြောင်းလဲနေသည့် နည်းစနစ်များ၊ မဟာဗျူဟာများနှင့် သတင်းအချက်အလက်များကို စဉ်ဆက်မပြတ် သိရှိနိုင်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ မြှင့်တင်နိုင်ရန်တို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့များနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းကာ ဝိုင်းဝန်းကူညီပေးကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။
နိုင်ငံတော်၏ စီးပွားရေးတွင် အဓိကကျောရိုးသဖွယ်ဖြစ်သည့် MSME များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ချမှတ်ထားသည့် ရည်ရွယ်ချက်များ၊ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို အားသွန်ခွန်စိုက် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်သည့်အပြင် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ချမှတ်ထားသည့် မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့် လိုက်လျောညီထွေရှိမည့် ဒေသန္တရစီမံကိန်းများ၊ အစီအမံများ ဖြစ်စေရေးအလေးထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးကို တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီဝင်များ၊ အဖွဲ့အလိုက် တာဝန်ရှိသူများ၊ အသိပညာရှင် အတတ်ပညာရှင်များအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ စက်မှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ကျင်းပပြီးစီးခဲ့သည့် လုပ်ငန်းကော်မတီအစည်းအဝေး(၃)ကြိမ်၏ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် MSME များ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက အေဂျင်စီ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် Action Plan ဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပမှုအခြေအနေ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှု အခြေအနေ၊ နည်းပညာနှင့် ဈေးကွက်ရရှိနိုင်ရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးမှုအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် MSME များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသုံးသပ်မှုနှင့် ညှိနှိုင်းအကောင် အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးခင်မောင်ကျော်က လုပ်ငန်းသုံးသပ်မှုနှင့် ညှိနှိုင်းအကောင် အထည်ဖော်ရေးအဖွဲ့၏ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ OECD က တိုင်းတာသည့် SME Policy Index အချက်(၈)ချက်အပေါ် အခြေခံ၍ ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် MSME များ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာထွန်းက ရန်ပုံငွေစီမံခန့်ခွဲမှု အဖွဲ့၏ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် MSMEs လုပ်ငန်းရှင်များအား ချေးငွေများ ထုတ်ပေးထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် MSME များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ချင်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအေးဇံ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူတို့က သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများ တည်ရှိနေမှု အခြေအနေများ၊ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ အခြေအနေ၊ ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် လိုအပ်သည့် အကြံပြုချက်များကို ရှင်းလင်းတင်ပြကြသည်။
ထို့ပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက MSME များအတွက် ပြည်တွင်း/ပြည်ပ ဘဏ်များက ချေးငွေများ ထုတ်ချေးပေးနိုင်မှု အခြေအနေနှင့် အလားအလာရှိသည့် MSME များအား သေချာစွာစိစစ်ရွေးချယ်ကာ ချေးငွေများကို ထိရောက်အကျိုးရှိစွာ ထုတ်ချေးပေးနိုင်ရေးအတွက် လိုအပ်သည့် အကြံပြုချက်များကို လည်းကောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွန့်၊ MSME များ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အဖွဲ့ဝင် ဦးကျော်ဝဏ္ဏ၊ MSME များ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဝင် ဦးရဲမင်းဦးနှင့် တာဝန်ရှိသူများက MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက်ပူးပေါင်း ကူညီဆောင်ရွက်နေမှု၊ လိုအပ်သည့် နည်းပညာများ အကူအညီပေးရေး၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် အကြံပြုချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)


