နေပြည်တော် ၇ မေ 
    

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ကော်မတီဥက္ကဋ္ဌများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
    

 

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးကျင်းပရခြင်းမှာ စိစစ်ရေးပူးပေါင်းအဖွဲ့များအနေဖြင့် ရငွေ၊ သုံးငွေများနှင့် စပ်လျဉ်း၍ စိစစ်ရန်ရှိသည်များကို ဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်း (၃)နှစ်ကျော်ကာလအတွင်း နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွား ဖြစ်ထွန်းစေမည့် ဥပဒေပေါင်း(၉၀)ကျော်ကို ပြဋ္ဌာန်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ လွှတ်တော်၏ အဓိကတာဝန်ဖြစ်သည့် ဥပဒေပြုရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဥပဒေကြမ်းကော်မတီ တစ်ခုတည်းသာမက သက်ဆိုင်ရာ ကော်မတီတစ်ခုချင်းစီကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 


ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက သက်ဆိုင်ရာကော်မတီများအလိုက် ဆောင်ရွက်လျက်ရှိသည့် ဥပဒေကြမ်းများ၊ တိုင်ကြားစာများ၊ အစီရင်ခံစာပါတွေ့ရှိချက်များနှင့် သုံးသပ်အကြံပြုဆွေးနွေးချက်များကို ရှင်းလင်းတင်ပြကြသည်။
    

 

ယင်းနောက် တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က သက်ဆိုင်ရာ ကော်မတီများအလိုက် ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
    

 

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 


(သတင်းစဉ်)