နေပြည်တော် ၇ မေ
မြန်မာ-သြစတြေးလျ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပရာ အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် သြစတြေးလျနိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန၊ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်ဝန်ကြီး Mr. Richard Maude တို့က ဦးဆောင်ကျင်းပခဲ့ကြသည်။
အစည်းအဝေးတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများ၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် နှစ်နိုင်ငံအကြား စိုက်ပျိုးမွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍအသီးသီးတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စများအပေါ် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန် ဦးမြင့်သူသည် သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်ဝန်ကြီး Mr. Richard Maude နှင့် ကိုယ်စားလှယ်အဖွဲ့အား Park Royal Hotel ၌ အလုပ်သဘော နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
(သတင်းစဉ်)


