ရန်ကုန် ၇ မေ
အမျိုးသားပညာရေးမူဝါဒကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ညှိနှိုင်း၍ အဆင့်မြင့်ပညာပုဂ္ဂလိက ကျောင်းပညာရေးဆိုင်ရာ အစည်းအဝေးကို မေ (၆) ရက်တွင် ရန်ကုန်မြို့ ပါမောက္ခချုပ်များကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးသို့ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ မျိုးကြွယ်နှင့် အဖွဲ့ဝင်များ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမြင့်ဆွေ၊ အမျိုးသား ပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအကဲဖြတ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဝင့်နှင့် အဖွဲ့ဝင်များ၊ ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိက ကျောင်းများကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာကျော်ကျော်ခေါင်နှင့် အဖွဲ့ဝင်များ၊ ပညာရေးဝန်ဆောင်မှုပေးနေသည့် အဆင့်မြင့်ပညာပုဂ္ဂလိကအဖွဲ့အစည်း (၄၂) ခုတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အမျိုးသားပညာရေးမူဝါဒကော်မရှင်သည် ပညာရေးမူဝါဒများကို ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ အကြံပြုသဘောထားများ ပေးပို့လျက်ရှိရာ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် စပ်လျဉ်း၍လည်း အကြံပြုချက်များ ပေးပို့လျက်ရှိပါသည်။
ကော်မရှင်အနေဖြင့် အမျိုးသား ပညာရေး ဥပဒေ (၂၀၁၅) ပုဒ်မ ၆ ပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များအရ ကျောင်းများဖွင့်လှစ်ခြင်း၊ ဖွင့်လှစ်ခွင့်ရပ်ဆိုင်းခြင်း၊ ပိတ်သိမ်းခြင်းဆိုင်ရာမူဝါဒ များချမှတ်ပေးရမည်ဖြစ်သည့်အပြင် ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်ထောင်စုလွှတ်တော်နှင့် အစိုးရအဖွဲ့သို့ (၆) လတစ်ကြိမ် အစီရင်ခံစာများလည်း တင်ပြလျက်ရှိသည်။
အစည်းအဝေးတွင် ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်က အဖွင့်အမှာစကား ပြောကြားရာတွင် အဆင့်မြင့် ပညာကဏ္ဍ၌ ပုဂ္ဂလိကပညာရေးဝန်ဆောင်မှုပေးနေသူများကို တက်ရောက်သူ ကျောင်းသားများ၏ ပညာအရည် အသွေးရှိရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ခိုင်မာမှုရှိစေရေးအတွက် အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ အမျိုးသား ပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီတို့ အနေဖြင့် စိစစ်ဆောင်ရွက်ပေးစေလိုကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက တိုက်တွန်းဆွေးနွေးခဲ့ကြကြောင်း၊ ထို့ကြောင့် ပုဂ္ဂလိကပညာရေး ဥပဒေမပေါ်ထွက်မီ အချိန်အတွင်း ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းလျက် ပုဂ္ဂလိကပညာရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ပညာရေး မူဝါဒရှုထောင့်မှ အကြံပြုပေးနိုင်ရန် ရည်ရွယ်လျက် ပဏာမအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ပညာအရည်အသွေးရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို ကျွမ်းကျင်စွာ တတ်မြောက်စေရန် အစိုးရနှင့်ပုဂ္ဂလိက ပိုမိုပူးပေါင်းဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအကဲ ဖြတ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဝင့်က ပညာရေးအဆင့်တိုင်းတွင် အရည်အသွေး တိုးတက်မှုရှိစေရန်သာမက နိုင်ငံ၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုရန်၊ အာဆီယံအသိုက်အဝန်းအတွင်း ကျောင်းသားများ အပြန်အလှန် ပညာသင်ယူခွင့်၊ ပညာရေးနှင့်ပတ်သက်၍ အပြန်အလှန်အသိအမှတ်ပြုမှုနှင့် သဘောတူညီမှုများရရှိရန်၊ အလုပ်အကိုင် ရရှိမှုနှင့် တစ်သက်တာသင်ယူနိုင်မှုကို ဖော်ဆောင်မည့် ကောင်းမွန်သည့်ပညာရေးကို ဖန်တီးပေးနိုင်ရန်၊ အရည်အသွေး အာမခံမှုတွင် ထိရောက်၍လက်တွေ့ကျသော စံနှုန်းများကိုချမှတ်ပြီး ကျောင်းများ၏ အရည်အသွေးကို စစ်ဆေးနိုင်ရန် ကော်မတီအနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ကျော်ခေါင်က သက်ဆိုင်ရာအဖွဲ့အစည်းများမှ ထုတ်ပြန်ထားသော ပုဂ္ဂလိကပညာရေးနှင့် စပ်လျဉ်းသည့် အမိန့်၊ ညွှန်ကြားချက်များ နှင့်အညီ စိစစ်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေး အာမခံမှု အကဲဖြတ်ရေးကော်မတီ အဖွဲ့ဝင် ဒေါက်တာကြည်ရွှင်က Myanmar National Qualifications Framework နှင့် Quality Assurance Standard Guidelines ကို ရှင်းလင်းပြောကြားသည်။
ပုဂ္ဂလိကကျောင်းများကလည်း နိုင်ငံတကာတက္ကသိုလ်များနှင့် ချိတ်ဆက်၍ ဘွဲ့၊ ဒီဂရီများ ပေးအပ်လျက်ရှိသည့် ကိစ္စရပ်များ၊ အစိုးရ တက္ကသိုလ်များနှင့် ပုဂ္ဂလိကကျောင်း များချိတ်ဆက်၍ မြန်မာနိုင်ငံအတွက်လိုအပ်မည့် အရည်အသွေးရှိ သင်တန်းများ ဖွင့်လှစ်ရေးကိစ္စများ၊ ပေးအပ်လျက်ရှိသည့် ဘွဲ့၊ ဒီပလိုမာလက်မှတ်များအတွက် အရည်အသွေးအာမခံမှု၊ အသိအမှတ်ပြုမှုကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


