ကျောက်ဆည် ၇ မေ
ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့မှ ကျောက်ဆည်မြို့သို့ ဒေသစာရီကြွချီအပူဇော်ခံသည်။
စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ရွှေငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံ အဆင့်ဆင့်တို့ကို ယနေ့နံနက်ပိုင်းက မန္တလေး မဟာမုနိဘုရားကြီးရှိ ယာယီစံကျောင်းတွင် ဆရာတော်သံဃာတော်များက ဘုရားအနေကဇာတင်ကြပြီး ဆရာတော်သံဃာတော်များအား မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးအောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးတို့က အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းသည်။
ထိုမှတဆင့် ကျောက်ဆည်မြို့သို့ ဌာနဆိုင်ရာများ၊ ဝတ်အသင်းအဖွဲ့များက ဒေဝါဝင်း၊ ရာဇာဝင်းများဖြင့် ပင့်ဆောင်ပူဇော်ကြပြီး ကျောက်ဆည်မြို့တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မဟာရွှေသိမ်တော်မြတ်စွာဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက ကျောက်ဆည် ရိုးရာဆင်အကများဖြင့် ကြိုဆိုဖူးမြော်ကြသည်။
ထို့နောက် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ရွှေငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံ အဆင့်ဆင့်တို့အား မဟာရွှေသိမ်တော်မြတ်စွာဘုရား ရင်ငွေ့လှုံကာ ကေသီဦးဓမ္မဗိမ္မာန်တွင် ဒေသခံပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန် ပူဇော်ခံထားရှိသည်။
မဟာရွှေသိမ်တော်မြတ်စွာဘုရား ဂေါပကအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးတူးက “ကျောက်ဆည်မြို့ မဟာရွှေသိမ်တော်မြတ်စွာဘုရားမှာ ရင်ငွေ့လှုံကိန်းဝပ်စံပယ်တဲ့ အတိတ်နိမိတ်ကိုက မြန်မာနိုင်ငံကြီးရဲ့ ငြိမ်းချမ်းရေး ထာဝရရှင်သန်မယ်လို့ ယုံကြည်ပါတယ်။ ကျောက်ဆည်မြို့ရဲ့ ကျက်သရေဆောင် မဟာရွှေသိမ်တော် မြတ်စွာဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌနဲ့တကွ ဂေါပကအဖွဲ့ဝင်များ၊ မြို့သူ မြို့သားတွေ ကိုယ်စားလည်း ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ထာဝရငြိမ်းချမ်းရေးစေတီဆိုတဲ့ ဘွဲ့ထူးနဲ့အတူ မြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းဖို့အတွက် ကျွန်တော်တို့မြို့သူ မြို့သားတွေကိုယ်စား ဆုတောင်းပါတယ်။ ကျွန်တော်တို့ ဂေါပက အဖွဲ့ကလည်းပဲ ထာဝရငြိမ်းချမ်းရေး စေတီတော် တည်ထားကိုးကွယ်ရေး နဝကမ္မအလှူငွေ ကျပ်သိန်းတစ်ရာတိတိကို လှူဒါန်းသွားမှာပါ” ဟုပြောသည်။
ညပိုင်းတွင် ဆရာတော် အရှင်ဆန္ဒာဓိက က ကေသီဦးဓမ္မဗိမ္မာန်တွင် ငြိမ်းချမ်းရေးတရားတော်ကို ဟောကြားချီးမြှင့်ရာ ဒေသခံတရားချစ်ခင် သူတော်စင်များက တရားတော်ကို ရိုသေစွာနာယူကြည်ညိုကြသည်။
(ဟန်လင်းနိုင်)


