နေပြည်တော် ၇ မေ
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမ ၆ လပတ်အတွင်း ဆောင်ရွက်မှု အခြေအနေများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက နေပြည်တော် ရုံးအမှတ် ၃၆ ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက မွေးမြူထုတ်လုပ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေး လုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ရာတွင် ကျွဲနွားကုန်သွယ်မှု ဖွံ့ဖြိုးလာသည်နှင့်အမျှ တိရစ္ဆာန်ကူးစက်ရောဂါအပါအဝင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများကို အထူးဂရုပြု ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တစ်ဘက်တွင်လည်း မွေးမြူကုသရေး လုပ်ငန်းရပ်များ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာပညာရှင်များက သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်းနှင့်အတူ သုတေသနရလဒ်များအား လက်တွေ့မြေပြင်တွင် အကျိုးရှိစွာအသုံးချနိုင်ရေး စီမံဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလမှ မတ်လအထိပထမ ၆ လပတ်အတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ စီမံခန့်ခွဲရေး၊ အစားအသောက် ဘေးကင်းလုံခြုံရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုမျိုးထောင်ရေး လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လူငယ်ပညာရှင်များကို အခြေပြု၍ မွေးမြူကုသမှုဆိုင်ရာ လုပ်ငန်းစဉ်များပိုမိုတိုးတက် ကောင်းမွန်စေရန်ရည်ရွယ်၍ သုတေသနနှင့် စစ်တမ်းများ ကောက်ယူလျက်ရှိရာ လက်ရှိဆောင်ရွက်နေသော သုတေသနလုပ်ငန်း (၁၂)ခုရှိပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရှိ သိုး၊ ဆိတ်၊ နွား၊ ဝက်မွေးမြူရေးလုပ်ငန်းများ၏ လက်ရှိအခြေအနေနှင့် တောင်သူများ ကြုံတွေ့နေရသည့် အခက်အခဲများကို စစ်တမ်းကောက်ယူခဲ့ကာ အစာကျွေးမှုစနစ်နှင့် ရေတိုက်ကျွေးမှု၊ ခြံစီမံခန့်ခွဲမှုများ စနစ်တကျ ဆောင်ရွက်ခြင်းဖြင့် ထုတ်လုပ်မှုစွမ်းအား တိုးတက်ပြီး မွေးမြူချိန်နှင့် လုပ်အားလျှော့ချနိုင်သဖြင့် ဝင်ငွေတိုးလာစေနိုင်ကြောင်း မွေးမြူရေး ပညာပေးသရုပ်ပြလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ အထူးသဖြင့် သိုးဆိတ်များကို လွှတ်ကျောင်းမွေးစနစ်မှ အစာနုရောစပ်ကျွေးမွေးခြင်း၊ နွားငယ်များကိုဖြည့်စွက်စာ ကျွေးမွေးခြင်းဖြင့် ကြီးထွားနှုန်း ကောင်းမွန်ကြောင်း တောင်သူများအား လက်တွေ့ပညာပေးနိုင်ခဲ့သည်။
သိုးဆိတ်တွင် သံချဆေးများကို ရာသီချိန်အလိုက် ထိုးနှံပေးရန် အသိပညာပေးနိုင်သကဲ့သို့ မြန်မာနိုင်ငံအလယ်ပိုင်းရှိ သိုးဆိတ်နမူနာပစ္စည်းများတွင် သားလျှော ရောဂါပိုး တွေ့ရှိမှု အလွန်နည်းပါးကြောင်း စစ်ဆေးအတည်ပြုပေးနိုင်ခဲ့သည်။ အာဟာရအတွက် အရေးပါသည့် တိုင်းရင်းကြက်မွေးမြူရေးလုပ်ငန်းတွင် အပူဒါဏ်ခံ ကြက်လည်လိမ်ရောဂါ ကာကွယ်ဆေးအသုံးပြုခြင်းဖြင့် ကြက်များသေဆုံးမှုနည်းပါးပြီး ဝင်ငွေတိုးလာစေကြောင်းလည်း စစ်တမ်းများအရ သက်သေပြနိုင်ခဲ့ပြီဖြစ်သည်။
စီးပွားရေးစစ်တမ်းများအနေဖြင့် ကျေးလက်ဒေသတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးမှရရှိသော ဝင်ငွေ၊ မိသားစုများ၏ အသုံးစရိတ်နှင့် အရင်းအနှီးရရှိမှု အခြေအနေများကို ကွင်းဆင်းကောက်ယူခဲ့ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော နည်းပညာအကြံဉာဏ်များ ပေးနိုင်ခဲ့သည်။ ရာသီဉတုကိုအမီပြုရသောကြောင့် စိုက်ပျိုးရေးမှ ဝင်ငွေရရှိမှုနည်းပါးသဖြင့် မွေးမြူရေးလုပ်ငန်းကိုအစားထိုးနိုင်မည့် အခြေအနေများကိုလည်း သုံးသပ်တင်ပြနိုင်ခဲ့သည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် လူငယ်ပညာရှင်များ၏ သုတေသနလုပ်ငန်း တွေ့ရှိချက်များကိုအခြေခံ၍ ဒေသနှင့်ကိုက်ညီသော မွေးမြူထုတ်လုပ်မှုနှင့် ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို စီမံချက်ချ ဆောင်ရွက်သွားမည်ဖြစ်ပြီး သုတေသနစစ်တမ်း အနှစ်ချုပ်များအား မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာန၏ website ဖြစ်သော http://www.lbvd.gov.mm/ တွင် ဝင်ရောက်ဖတ်ရှုနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


