မန္တလေး  ၈  မေ

 

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်ရှိ သောက်သုံးရေ အခက်အခဲဖြစ်နေသည့် (၂၈)လမ်း (၅၄) လမ်းနှင့် (၅၇)လမ်းကြားတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ရေများဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ဖြန့်ဝေပေးရာတွင် ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းနှင့် တာဝန်ရှိသူများသည် ဒေသခံပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးနေမှုကို လာရောက်ကြည့်ရှုပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါရပ်ကွက် အနီးတဝိုက်တွင် သောက်သုံးရေအတွက် ရေတွင်းတူးဖော်သည့်အခါ၌ ရေမထွက်သည့် နေရာများပြားခြင်း၊ ရေထွက်ရှိမှု နည်းပါးခြင်းစသည့် အချက်များကြောင့် ပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန်အတွက်လာမည့် ဘဏ္ဍာရေးနှစ်များတွင် စည်ပင်သာယာရေးကော်မတီမှ လက်ရှိဖြန့်ဝေပေးနေသည့် (၂)လက်မ ရေပိုက်လိုင်းအစား (၄)လက်မ ရေပိုက်လိုင်း အသစ်လဲလှယ် သွယ်တန်းပေးရန် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

တင်မောင်(မန်းကိုယ်ပွား)