သံတောင် ၈ မေ
ကရင်ပြည်နယ် သံတောင်မြို့တွင် တီဘီရောဂါဝေဒနာရှင်များ ရှာဖွေဖော်ထုတ်ခြင်း အစီအစဉ်ကို မေ ၇ ရက်က သံတောင်မြို့ ပသိခန်းမ၌ ဆေးကုသရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကွင်းဆင်းကုသရေးအဖွဲ့သည် သံတောင်မြို့ပေါ် ရပ်ကွက်(၄)ခုတွင်ရှိသော ပြည်သူစုစုပေါင်း ၂၀၈ ဦးအား တီဘီရောဂါ ရှိ မရှိ ဓာတ်မှန်ရိုက် စစ်ဆေးပေးခြင်း၊ သလိပ်စစ်ဆေးခြင်းများ ပြုလုပ်ပေးခဲ့ပြီး တီဘီရောဂါပိုး တွေ့ရှိသော လူနာ(၁၂)ဦးအား ဆေးဝါးပေးကုသပေးခြင်းနှင့် အခြားရောဂါဝေဒနာများကို စစ်ဆေးကုသပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးကုသခြင်း အစီအစဉ်ကို ပြည်နယ် တီဘီတိုက်ဖျက်ရေးဌာနနှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
MDN


