နောင်ချို ၈ မေ
ငမြှောင်တာင်ပိုး (FAW)ကျရောက်မှုနှင့် ပက်သက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် အပူဒဏ် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို မေ ၇ ရက်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ဟောပြောပွဲတွင် မြို့နယ် စိုက်ပျိုးရေးဌာနမှ ဒေါ်ဆွေဆွေမြင့်က ငမြှောင်တောင်ပိုးနှင့် ပက်သက်၍ မူရင်းဒေသနှင့် ပျံ့နှံ့ပုံ၊ စားသောက် ဖျက်ဆီးခံရသည့်အပင်များ၊ ငမြှောင်တောင်ပိုး၏ ဘဝစက်ဝန်း၊ အခြားငမြှောင်တောင်ပိုးများ၏ ဖျက်ဆီးပုံ လက္ခဏာများ၊ ငမြှောင်တောင်ပိုး ရုတ်တရက် ဆိုးရွားစွာကျရောက်ဖျက်ဆီးရခြင်း အကြောင်းရင်း၊ ကာကွယ်နှိမ့်နှင်းခြင်းနှင့် အသုံးပြုသင့်သည့် ပိုးသတ်ဆေးများအကြောင်း၊ အာမခံသော မျိုးစေ့ကို စနစ်တကျ ရွေးချယ်စိုက်ပျိုးစေရေးတို့ကို ပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းထွေးက အပူဒဏ် ကာကွယ်နိုင်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
MDN


