မန္တလေး ၈ မေ 


မန္တလေးမြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသူများအားဂုဏ်ပြုပွဲ အခမ်းအနားကို  မြို့တော်ခန်းမတွင် ယနေ့ကျင်းပပြုလုပ်ခဲ့သည်။

မန္တလေးမြို့တော်သန့်ရှင်းသာယာလှပလာအောင် ဆောင်ရွက်နိုင်ဖို့အတွက် အမှိုက်သိမ်းယာဉ် လှူဒါန်းသူများ ၊ ကျုံးအရှေ့ဘက် ပလက်ဖောင်းလှူဒါန်းသူ ၊ လမ်းမီးတိုင်အလှူရှင်များ၊  အပူဒဏ်ကာကွယ်ရန် အရိပ်အမိုး လှူဒါန်းသူများ ၊သန့်ရှင်းရေးဝန်ထမ်းတွေကို ကျွေးမွေးလှူဒါန်းသူများစသဖြင့် မန္တလေးမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်သူများကို ဂုဏ်ပြုသည့် အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။


‘မန္တလေးမြို့က သိသာတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိလာခဲ့ပါတယ်။ ယခုလို တိုးတက်ပြောင်းလဲလာတာက မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ လုပ်ဆောင်ချက်တွေကို ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသူတွေရဲ့ အားပေးမှုကြောင့် ဖြစ်တယ်ဆိုတာ သိသာထင်ရှားပါတယ်’ဟု မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။


အပူဒဏ်ခံရသည့် မန္တလေးမြို့ကို အပူဒဏ်လျောနည်းစေရန် စိမ်းစိုအေးမြစေရန် သစ်ပင်များ စနစ်တကျ စိုက်ပျိုးရေး စီမံချက် ရေးဆွဲဆောင်ရွက်နေကြောင်း မြို့တော်ဝန်က ဆက်လက် ပြောကြားသည်။ သစ်ပင်များ စိုက်ပျိုးမည့် သတင်းကြောင့် ပျိုးပင်လှူဒါန်းလိုသူများ ၊ ရေရှည်စောင့်ရှောက်ဖို့ လုပ်အားလှူဒါန်းလိုသူများလည်း ကမ်းလှမ်းလာကြောင်း သိရသည်။


မန္တလေးစည်ပင်သာယာရေးကော်မတီ၏ ပြုပြင်ပြောင်းလဲမှုတွင် ပြည်သူလူထုက ပူးပေါင်းပါဝင်လာမှုကြောင့် ၁၀ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို မန္တလေးစည်ပင်သာယာရေးကော်မတီက ရရှိခဲ့သည်။


အိမို့မို့ခိုင်

 

1