ရေတာရှည် ၈ မေ
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် မေ ၈ ရက် နံနက်ပိုင်းက ရေတာရှည်မြို့နယ်၊ ဂုံမင်းကွင်းကျေးရွာအုပ်စု၊ (၆)မိုင် ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်သူများအနေဖြင့် အများအကျိုးအတွက် လိုအပ်ချက်များ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရာတွင် ဖြစ်ပေါ်နေသည့် အဆင်မပြေမှုများ၊ မြေယာပြဿနာများစသည့် အခက်အခဲများကို တင်ပြပေးကြစေလိုကြောင်း၊ သို့မှသာ ပြန်လည်စိစစ် ဆောင်ရွက်ရမည့် အခြေအနေများကို ညှိနှိုင်းပေါင်းစပ် အဖြေရှာပေးနိုင်မည်ဖြစ်ကြောင်း၊ လူထုတွေ့ဆုံပွဲမှတစ်ဆင့် ဒီမိုကရက်တစ် လူ့အသိုင်းအဝန်း၏ ယဉ်ကျေးသော၊ ယုံကြည်သော၊ လူအများစုပါဝင်ဆွေးနွေး ပေါင်းစပ်အဖြေရှာခြင်းစသည့် အလေ့အကျင့်ကောင်းများ ပေါ်ပေါက်လာစေနိုင်မည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအတွင်း ရာထူးကြီးငယ်အလိုက် အမိန့်အာဏာသုံးခြင်း၊ ရပ်ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများလည်း မိမိတို့ရပ်ကွက်အတွင်း ဆရာ/တပည့်မွေးခြင်း၊ အာဏာဖြင့် ဆက်ဆံခြင်းတို့ လျော့နည်းပျောက်ဆုံးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ အခြေခံရေသောက်မြစ်ဖြစ်သော အခြေခံစာသင်ကျောင်းများမှစ၍ သင်ကြားရေးစနစ်များ ပြုပြင်ပြောင်းလဲလျက်ရှိနေပြီဖြစ်ကြောင်း၊ ဒီမိုကရေစီနည်းလမ်းအရ လူသားကို တန်ဖိုးထားပြီး ပြဿာနာများကို အဖြေရှာရာတွင် မေတ္တာတရားကို အခြေခံပြီး ဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် မိမိမဲဆန္ဒနယ်မြေရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံရသည့်အပေါ် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများမှ ကျေးလက်မီးလင်းရေး၊ ကျေးလက် လမ်း/တံတားများ အဆင့်မြှင့်တင်ပေးရန်၊ ပညာကဏ္ဍလိုအပ်ချက်များ၊ ရေကြီးနစ်မြှုပ်မှုနှင့် ပတ်သက်၍ ကာကွယ်ရေးအစီအမံများ၊ ကမ်းပြိုကာကွယ်ရေး လိုအပ်ချက်များ၊ လယ်ယာမြေဆိုင်ရာ ကိစ္စရပ်များ တင်ပြခဲ့ရာ ဝန်ကြီးချုပ်က ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူ ၂၈၀ ခန့် တက်ရောက်ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


