စစ်တွေ ၈ မေ
ငပလီကမ်းခြေ၌ ကျင်းပပြုလုပ်ခဲ့သော Rakhine State Investment Fair တွင် ထိုင်းနိုင်ငံ IBERD အဖွဲ့အစည်းနှင့် လက်မှတ်ရေးထိုးခဲ့သည့် Project Proposal ၏ နောက်ဆက်တွဲလုပ်ငန်းစဉ် စတင်အကောင်အထည်ဖော်ခြင်း အနေဖြင့် ရခိုင်ပြည်နယ် ငါး၊ ပုစွန်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနဆောင်ရွက်ခြင်းနှင့် သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယနေ့ နံနက် ၈ နာရီခွဲက စစ်တွေဟိုတယ်ခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ယခုဖွင့်လှစ်သည့် သင်တန်းသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ထိုင်နိုင်ငံ IBERD အဖွဲ့အစည်းနှင့်ပူးပေါင်းပြီး ပြည်နယ်အတွင်း ငါး၊ ပုစွန် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများပေးခြင်း၊ ပြည်နယ်နှင့် သင့်လျော်ကိုက်ညီသည့် ရခိုင်ပုံစံ မွေးမြူရေး ဖြစ်ထွန်းလာစေရန် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ၎င်းပုံစံသစ်ကို အလားအလာရှိသည့် ဒေသများမှာ လက်တွေ့ သင်တန်းများ ပို့ချခြင်းနှင့် ဒေသခံများနှင့် Farming စနစ်ဆောင်ရွက်ရန် မွေးမြူရေးလုပ်ငန်းများအပေါ် ကြီးကြပ်အကဲဖြတ်ခြင်း စသည့် အဆင့်လေးဆင့်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ခေတ်နောက်ကျနေသည့် ရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းများကို ခေတ်မီနည်းစနစ်များအသုံးချပြီး မိရိုးဖလာနည်းစနစ်များမှ ပြောင်းလဲဆောင်ရွက်ကြရန် လိုအပ်လာပြီဖြစ်ကြောင်း၊ တက်ရောက်လာကြသော ပုစွန်မွေးမြူရေး လုပ်ငန်းရှင်များကလည်း ရရှိပြီးသား အတွေ့အကြုံများ၊ အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး သင်တန်းမှရရှိသော ပညာရပ်များ၊ သင်ခန်းစာများနှင့် အတွေ့အကြုံများကို အသုံးချပြီး ပြည်နယ်၏ ငါး၊ ပုစွန် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးမှာ အားသွန်ခွန်စိုက် ကြိုးစားကြစေလိုကြောင်းနှင့် မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း တတ်နိုင်သလောက် ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် IBERD မှ အုပ်ချုပ်မှုဒါရိုက်တာ Mrs. Natee Chuansanit က သင်တန်းဖွင့်လှစ်ပို့ချရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းသို့ ရခိုင်ပြည်နယ်အတွင်းရှိ ငါးလုပ်ငန်းဦးစီးဌာနများမှ မြို့နယ်ဦးစီးမှူးများနှင့် ပုစွန်မွေးမြူရေးလုပ်ငန်းရှင် (၇၀)ဦး တက်ရောက်ကြပြီး ထိုင်းနိုင်ငံ IBERD အဖွဲ့အစည်းမှ မွေးမြူရေးပညာရှင်များက စာတွေ့လက်တွေ့ ၃ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


