နေပြည်တော် ၈ မေ
မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးစီမံကိန်းအရ အိန္ဒိယသမ္မတနိုင်ငံ၏ ဒုတိယအကြိမ် အထောက်အပံ့ ရန်ပုံငွေကျပ်သန်း (၅၁၀) ဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်ပြီးစီးခဲ့သည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မဏိပူရ်မြစ်ကူး (ဒါတ်တား) ဖွင့်ပွဲကို ယမန်နေ့က အဆိုပါတံတား၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Sauraid Kumar၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်ဝင်း၊ ချင်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ညွှန်ကြားရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က မဏိပူရ်မြစ်ကူး(ဒါတ်တား) တံတားသစ် တည်ဆောက်ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး H.E.Mr. Sauraid Kumar၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်ဝင်းနှင့် တာဝန်ရှိသူများက မဏိပူရ် မြစ်ကူးတံတား(ဒါတ်တား)အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် အိန္ဒိယသမ္မတနိုင်ငံ၏ ဒုတိယအကြိမ် အထောက်အပံ့ ရန်ပုံငွေဖြင့် ချင်းပြည်နယ်တွင် လမ်း/တံတားလုပ်ငန်း (၁၃)ခု၊ ပညာရေးလုပ်ငန်း (၃)ခု စုစုပေါင်းလုပ်ငန်း (၁၆)ခုအား ခွင့်ပြုငွေကျပ် ၃၉၇၆ ဒသမ ၃၆၁ သန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့ပြီး တတိယအကြိမ် အိန္ဒိယသမ္မတနိုင်ငံ၏ အထောက်အပံ့ ရန်ပုံငွေဖြင့် လမ်း/တံတားလုပ်ငန်း (၉)ခု၊ ပညာရေးလုပ်ငန်း(၅)ခု၊ စုစုပေါင်း လုပ်ငန်း(၁၄)ခုအား ငွေကျပ် ၃၆၈၇ ဒသမ ၆၂၉၈ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


