နေပြည်တော် ၈ မေ

မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ) အဖွဲ့၏ ဒုတိယအကြိမ် အကြံပြု ဆွေးနွေးဝိုင်း ဒုတိယနေ့ကိုယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ဆက်လက်ကျင်းပသည်။

အကြံပြုဆွေးနွေးဝိုင်း ဒုတိယနေ့တွင် ယမန်နေ့ကအစုအဖွဲ့များမှ ကဏ္ဍအလိုက် ဆွေးနွေးထားသည့် ပညာရေးကဏ္ဍ အကြံပြုချက်များနှင့်စပ်လျဉ်း၍ ရန်ကုန်ပညာရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါ်အေးအေးမြင့်က လည်းကောင်း၊ လူမျိုးစုများနှင့်  လူနည်းစုများအတွက် ညီမျှသောအခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကဏ္ဍ အကြံပြုချက်များနှင့် စပ်လျဉ်း၍  ငြိမ်းချမ်းမေတ္တာအဖွဲ့မှ ဒေါ်အန်ဂျလာသောင်းက လည်းကောင်း၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် ပါဝင်ဆောင်ရွက်မှုကဏ္ဍ အကြံပြုချက်များနှင့် စပ်လျဉ်း၍ ငြိမ်းချမ်းမေတ္တာအဖွဲ့မှ ဒေါ်စန်းစန်းမြင့်က လည်းကောင်း၊ လူငယ်များနှင့် ထိတွေ့ဆက်ဆံရေးနှင့် ကလေးသူငယ်များ ကာကွယ် စောင့်ရှောက်ရေးကဏ္ဍ အကြံပြုချက်များနှင့် စပ်လျဉ်း၍ ငြိမ်းချမ်းမေတ္တာအဖွဲ့မှ ဆရာရှမွေလကလည်းကောင်း၊ ရခိုင်ပြည်နယ်ရှိ ကိုယ်ပိုင်ဝိသေသလက္ခဏာ၊ မတူကွဲပြားမှုနှင့် ဘုံစိန်ခေါ်မှုများကဏ္ဍ အကြံပြုချက်များနှင့် စပ်လျဉ်း၍ ငြိမ်းချမ်းမေတ္တာအဖွဲ့Core Member ဦးအေးလွင်က လည်းကောင်း ပြန်လည်ဆွေးနွေးကြပြီး တက်ရောက်လာကြသူများ၏ ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

ထို့နောက် ဂျပနိ်ုင်ငံမှ အပြည်ပြည်ဆိုင်ရာ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့ Co-Moderator Rev. Kosho Niwano ၊ အင်ဒိုနီးရှားနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့Moderator Prof. Dr .Din Syamsuddin တို့က အကြံပြုဆွေးနွေးဝိုင်းမှ ဆွေးနွေးချက်များအပေါ် ၎င်းတို့၏ အမြင်များအား ဆွေးနွေးကြသည်။

ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မြန်မာနိုင်ငံတွင် အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးထွန်းကားရန်အတွက်  ဒုတိယအကြိမ် ဘာသာပေါင်းစုံဆွေးနွေးပွဲမှ အစုအဖွဲ့အလိုက် ဆွေးနွေးမှုများ၏ ရလာဒ်များအားလက်တွေ့ အကောင်အထည်ဖော်မှုများကို စဉ်ဆက်မပြတ် သတ်မှတ်အချိန် အတိုင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍  ငြိမ်းချမ်းမေတ္တာအဖွဲ့ နာယက ကာဒီနယ်ချားလ်ဘို၊ ငြိမ်းချမ်း မေတ္တာအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းမေတ္တာအဖွဲ့ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ဘီရှော့ဂွန်နာစတော့ဆက်တို့က နိဂုံးချုပ် အမှာစကားပြောကြားကြပြီး ဒုတိယအကြိမ် အကြံပြုဆွေးနွေးဝိုင်း အောင်မြင်စွာ ကျင်းပပြီးစီးသည်။

ယခုဒုတိယအကြိမ် အကြံပြုဆွေးနွေးဝိုင်း၌ ပညာရေးကဏ္ဍတွင် အကြံပြုချက် (၅)ချက်၊ လူမျိုးစုများနှင့် လူနည်းစုများအတွက် ညီမျှသောအခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကဏ္ဍ အကြံပြုချက်( ၅)ချက်၊  အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် ပါဝင်ဆောင်ရွက်မှုကဏ္ဍ အကြံပြုချက်(၁၁)ချက်၊ လူငယ်များနှင့် ထိတွေ့ဆက်ဆံရေးနှင့် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးကဏ္ဍ  အကြံပြုချက် (၇)ချက်၊ ရခိုင်ပြည်နယ်ရှိ ကိုယ်ပိုင်ဝိသေသလက္ခဏာ၊ မတူကွဲပြားမှုနှင့် ဘုံစိန်ခေါ်မှုများကဏ္ဍ အကြံပြုချက် (၇)ချက်ရရှိခြဲ့ပီး ယင်းအကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများထံ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးဝိုင်း ဒုတိယနေ့သို့ ပြင်ဦးလွင်မြို့ အာရှအလင်းရောင် ကျောင်းတိုက် ဆရာတော်ဦးစိန္တိတနှင့် ဆရာတော်များ ကြွရောက်တော်မူကြပြီး၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းမေတ္တာအဖွဲ့ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ၊ ငြိမ်းချမ်းမေတ္တာအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များ ငြိမ်းချမ်းမေတ္တာအဖွဲ့ ဘာသာပေါင်းစုံ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ 

(သတင်းစဉ်)