ဆီဆိုင် ၈ မေ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု အတွင်းရှိ နောင်အယ်ကျေးရွာနှင့် ထီဖူးကျေးရွာတို့မှ တောင်သူများ ရေသွင်းစိုက်ပျိုးထားသော နွေပြောင်းသီးနှံ စိုက်ခင်းအချို့တွင် ဧပြီ ၂၇ ရက်က ငမြှောင်တောင်ပိုး ကျရောက်ဖျက်ဆီးခဲ့မှုအား ကာကွယ်နှိမ်နင်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါငမြှောင်တောင်ပိုး ကျရောက်စဉ်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးကျော်ကြင်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က ကွင်းဆင်းပြီး ငမြှောင်တောင်ပိုး ကာကွယ်နည်းများနှင့် ပိုးသတ်ဆေး အသုံးပြုသည့်နည်းလမ်းများ လက်တွေ့ရှင်းလင်း သရုပ်ပြခဲ့ပြီး ပိုးသတ်ဆေးအချို့အား တောင်သူများသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ငမြှောင်တောင်ပိုး ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအား စိုက်ခင်းပိုင်ရှင်တောင်သူများနှင့် စိုက်ပျိုးရေးဝန်ထမ်းများမှ စဉ်ဆက်မပြတ် ပိုးသတ်ဆေးဖျန်းခြင်း၊ ကင်းထောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သောကြောင့် ယခုအခါ ၎င်းပိုးကျခဲ့သော ဧက ၁၅၀ ခန့်မှ ထိခိုက်မှုအနည်းငယ်သာရှိပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


