မန္တလေး ၈ မေ 

မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၁၉ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားနှင့် ရှေးဦးပြုစုခြင်း နည်းပြ(မွမ်းမံ)၊ ရှေးဦးပြုစုခြင်း နည်းပြသင်တန်းဆင်းပွဲ အခမ်းအနားကို မေ ၈ ရက် နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ် အမှတ်(၁၇) အခြေခံပညာ အထက်တန်းကျောင်း ချမ်းမြေ့မန္တလာခန်းမတွင် ကျင်းပသည်။

 

5079

 

အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို စေတနာလုပ်အားရှင်များနှင့် အခြေပြု၍ နိုင်ငံအနှံ့ ကျေးရွာအဆင့်ရှိ ပြည်သူများအကြား စိမ့်ဝင်ပျံနှံ့မှုရှိစေရန် ဖွဲ့စည်းထားပြီး လူမှုဂရုဏာလုပ်ငန်းများကို နိုင်ငံ၏ အရန်အင်အားအဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကြက်ခြေနီ စေတနာ့လုပ်အားရှင်များအနေဖြင့် တန်ဖိုးရှိလှသည့် ရှေးဦးပြုစုခြင်းဆိုင်ရာ ဗဟုသုတ ခံယူချက် ကျွမ်းကျင်မှုများကို အမြဲမှတ်သားနာယူပြီး ကြက်ခြေနီ အခြေခံမူများနှင့်အညီ တိုးတက်ပြောင်းလဲလာသော ကြက်ခြေနီလုပ်ငန်းများဖြင့် ရပ်ရွာလူထုကို ခွဲခြားမှုမရှိဘဲ လူသားချင်းစာနာ ထောက်ထားမှုစိတ် အပြည့်အဝဖြင့် ကူညီဆောင်ရွက်ရင်း လူထုပူးပေါင်းပါဝင်လာအောင် စည်းရုံးလှုံ့ဆော် ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။

 

5082

 

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်သီလွင်ကလည်း ကမ္ဘာနိုင်ငံအသီးသီးတွင် လှုပ်ရှားဆောင်ရွက်နေကြသည့် ကြက်ခြေနီနှင့် လခြမ်းနီအသင်းအချင်းချင်း မည်သို့သော စိန်ခေါ်မှုများ အခက်အခဲများ ရှိနေစေကာမူ တူညီသောပန်းတိုင် ရည်မှန်းချက်များဖြင့် အကူအညီ လိုအပ်နေသော ပြည်သူများတွက် မေတ္တာထားကာ မိမိတို့ ချစ်မြတ်နိုးသည့် ကြက်ခြေနီလှုပ်ရှားမှုကို တစိုက်မတ်မတ် အတူတကွ ပူးပေါင်းဆောင်ရွက်နေသည်ကို ဖော်ညွှန်းလိုသည့်အတွက် ၂၀၁၉ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ ဆောင်ပုဒ်အဖြစ် LOVE အမှတ်သင်္ကတေကို ရွေးချယ်ထားခြင်းဖြစ်ကြောင်း ပြောကြားကာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမြသူ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီသို့ လှူဒါန်းခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ ဧပြီ ၂၇ ရက်မှ မေ ၆ ရက်အထိ ဖွင့်လှစ်ခဲ့သည့် ရှေးဦးပြုစုခြင်းနည်းပြ (မွမ်းမံ)နှင့် ရှေးဦးပြုစုခြင်းနည်းပြ သင်တန်းများတွင် တက်ရောက်ခဲ့ကြသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး သင်တန်းတွင် စာပေထူးချွန်ဆု၊ လက်တွေ့ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆုနှင့် ထမ်းစင်ပညာထူးချွန်ဆု ရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

လူမှုဂရုဏာလုပ်ငန်းများ စတင်လုပ်ဆောင်ရန် လှုံ့ဆော်ပေးခဲ့သော ဆွစ်ဇာလန်နိုင်ငံသား ဟင်နရီဒူးနန့်၏ မွေးနေ့ မေလ ၈ ရက်နေ့ကို ကမ္ဘာ့ကြက်ခြေနီနေ့အဖြစ် သတ်မှတ်ကာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပလာခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော် ရှိလာခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ- အောင်ဖြိုးကျော်