မကွေး ၈ မေ 

ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

6024

 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိ်ုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌမှ ပေးပို့သော သဝဏ်လွှာကို မြန်မာနိ်ုင်ငံ ကြက်ခြေနီအသင်း ဗဟိုကောင်စီဝင် တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ သိန်းထိုက်မှ ဖတ်ကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့၏ (၂၀၁၈-၂၀၁၉)ခုနှစ်အတွင်း ဆောင်ရွက်ချက်များကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဗဟိုကောင်စီဝင် တိုင်းတပ်ဖွဲ့မှူး ဦးကျော်နိုင်ဦးက ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ထမ်းဆောင်ရင်း သေဆုံးသွားခဲ့သည့် တပ်ဖွဲ့ဝင်ဦးဇော်လင်းဦးအတွက် အသက်အာမခံငွေ (၄၆)သိန်းကျော်ကို မိသားစုများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကြက်ခြေနီတပ်ဖွဲ့တွင် လုပ်သက်နှစ်(၄၀) စဉ်ဆက်မပြတ်လုပ်ကိုင်ခဲ့သူ (၁၂)ဦး၊ ငွေစာရင်း အစီရင်ခံစာ ပုံမှန်ပေးပို့သော သရက်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့၊ သွေးအလှူရှင်အများဆုံး စည်းရုံးနိုင်သည့် ပခုက္ကူမြို့နယ်နှင့် သရက်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့၊ ရခိုင်ပြည်နယ်သို့ တိုင်းဒေသကြီးကိုယ်စားပြု သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည့် တပ်ဖွဲ့ဝင်(၂၂)ဦး၊ အတိုးတက်ဆုံး မြို့နယ်ခွဲအသင်းများနှင့် မကွေးတက္ကသိုလ် ကြက်ခြေနီအသင်းခွဲတို့အား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇေယျတု(မကွေး)