နေပြည်တော် ၈ မေ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် Asia Development Bank မှ Office of the General Counsel, Private Sector Legal Group ၏ Officer–in-Charge/ Principal Counsel, Mr. Nicholas Moller အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဧည့်ခန်းမ (၂) ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ Ease of Doing Business Rankings အဆင့် တိုးတက်စေရေးအတွက် Indicator များအလိုက် ကဏ္ဍအသီးသီး၌ အကောင်အထည် ဖော်ဆောင်နေမှုများအား အရှိန်အဟုန်မြှင့်တင်၍ ပူးပေါင်းဆောင်ရွက်သွားရေးနှင့် ရမှတ်များ တိုးမြင့်ရရှိနိုင်ရေး၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်သွားရေး၊ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပတ်ဝန်းကျင်ကောင်းများ ဖန်တီးတည်ဆောက်သွားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


