နေပြည်တော် ၈ မေ 

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းသည် ယနေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆၅/၁ အနီးရှိ ဆွာချောင်းတံတား၏ ရေလယ်တိုင်အမှတ်(၅)နှင့် အမှတ်(၇)တို့ နိမ့်ကျနေမှုတွင် Girder များကို Jack Up ဖြင့် ပြန်လည်မြှင့်တင်ဆောင်ရွက်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ 

ထိုသို့စစ်ဆေးရာ၌ တံတားပေါ်တွင် ယာယီတပ်ဆင်ထားသော ဘေလီသံဘောင်များ ပြန်လည်ဖြုတ်နေသည့် အခြေအနေ၊ တံတားရေလယ်တိုင်အမှတ် (၇) ရှိ Girder များကို Jack Up ဖြင့် စတင်ဆောင်ရွက်နေသည့် အခြေအနေများကို ကြည့်ရှုပြီး ဒုတိယဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် အများပြည်သူများ နေ့စဉ်အသုံးပြုသွားလာနေသော တံတားဖြစ်၍ လုပ်ငန်းအရည်အသွေးနှင့် စံချိန်စံညွှန်းများကို ပြည့်မီစွာဆောင်ရွက်ပြီး သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန် မှာကြားသည်။

ဆွာချောင်းတံတားသည် ၂၀၁၈ ခုနှစ်၊ ဩဂုတ် (၂၉) ရက်တွင် ဆွာချောင်းရေ ရုတ်တရက် မြင့်တက်မှုကြောင့် တံတားရေလယ်တိုင်အမှတ် (၅)နှင့် အမှတ် (၇)တို့ နိမ့်ကျသွားခဲ့သဖြင့် တံတားအုတ်မြစ်များ အားဖြည့်ဆောင်ရွက်နေပြီး Girder များကို Jack Up ဖြင့် ပြန်လည်ဆောင်ရွက်နေရာ ယာယီဘေလီတံတားအား မေ ၇ ရက်မှ စတင်ဖြုတ်သိမ်းပြီး မေ ၃၀  ရက်အထိ (၂၃)ရက်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း တံတား(အသွားလမ်း)အား ယာယီလမ်း ပိတ်ထားမည်ဖြစ်ကြောင်း သိရှိရသည်။

(သတင်းစဉ်)