နေပြည်တော် ၈ မေ
တည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရည်အသွေး ထိန်းသိမ်းရေးအဖွဲ့တို့ဖြင့် ကြီးကြပ်စစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် လုပ်ငန်းများရရှိရန် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၏ (၁/၂၀၁၉) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၁) နာရီတွင် နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စုဝေးခန်းမဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီမှ ပြည်ထောင်စု မူလငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းအရေအတွက် (၁၁၈၄၉) ခု၊ တန်ဖိုးမှာကျပ် (၂၄၆၄ ဒသမ ၈၁၁) ဘီလီယံရှိသည့်အနက် တင်ပြပြီး လုပ်ငန်းအရေအတွက် (၂၀၇၁) ခု၊ တန်ဖိုးမှာကျပ် (၆၇၃ ဒသမ ၂၃၄) ဘီလီယံ၊ တင်ပြရန်ကျန် လုပ်ငန်းအရေအတွက် (၉၇၇၈) ခု၊ တန်ဖိုးမှာကျပ် (၁၇၉၁ ဒသမ ၅၇၇) ဘီလီယံ၊ စိစစ်ပြီး လုပ်ငန်းအရေအတွက်မှာ (၁၉၂၂) ခု၊ တန်ဖိုးမှာကျပ် (၆၄၅ ဒသမ ၄၇၇) ဘီလီယံ၊ စိစစ်ရန်ကျန် လုပ်ငန်းအရေအတွက်မှာ (၁၄၉) ခု၊ တန်ဖိုးမှာကျပ် (၂၇ ဒသမ ၆၈၈) ဘီလီယံဖြစ်ပြီး စိစစ်ပြီးလျော့နည်းငွေမှာ ကျပ် (ဝ ဒသမ ဝ၆၈) ဘီလီယံဖြစ်ပါကြောင်း။
၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဘတ်ဂျက်ခွင့်ပြုထားသော လုပ်ငန်းများကို အချိန်မီပြီးစီးအောင် ပြည်ထောင်စုဝန်ကြီးဌာနမှ တင်ဒါခေါ်ယူဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများကို အမြန်ဆုံးတင်ဒါခေါ်ယူ ဆောင်ရွက်ကြရန်လိုပါကြောင်း၊ တိုင်းဒေသကြီး / ပြည်နယ် အစိုးရများသို့ လွှဲပြောင်းအပ်နှံဆောင်ရွက်မည်ဆိုပါက မြန်မြန်ဆန်ဆန် လွှဲပြောင်းအပ်နှံသွားကြရန် ဖြစ်ပါကြောင်း၊ အထူးသဖြင့် လုပ်ငန်းပမာဏများပြားသည့် ဝန်ကြီးဌာနများအနေဖြင့် တင်ဒါခေါ်ယူခြင်းနှင့် တိုင်းဒေသကြီး / ပြည်နယ် အစိုးရများအား လုပ်ငန်းများ လွှဲပြောင်းအပ်နှံခြင်းတို့ကို အလျင်အမြန် ဆောင်ရွက်နိုင်မှသာ တည်ဆောက်ရေးလုပ်ငန်းများသည် ဘဏ္ဍာရေးနှစ်အတွင်း အရည်အသွေးကောင်းမွန်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းခေါင်းစဉ် ပြောင်းလဲဆောင်ရွက်ရန် လိုအပ်ပါက ဆောလျင်စွာ အချိန်မီပြောင်းလဲတင်ပြ ဆောင်ရွက်ကြရန်လိုပါကြောင်း၊ အဆောက်အအုံဆောက်လုပ်မည့် ဘဏ္ဍာရေးနှစ်ထက် (၂)နှစ်စောပြီး ငွေလုံးငွေရင်း (အခြား) ရန်ပုံငွေမှ တောင်းခံရရှိသော ဗိသုကာနှင့် Structure Design ပုံစံထုတ်ခများဖြင့် Drawing များကို အပ်နှံဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ရရှိလာသောဗိသုကာနှင့် Structure Design Drawing များဖြင့် စီမံကိန်းတန်ဖိုး တွက်ချက်ကာ အဆောက်အအုံဆောက်လုပ်မည့် ဘဏ္ဍာရေးနှစ်ထက် (၁)နှစ်စောပြီး အဆောက်အအုံကိုဆောက်လုပ်ရန် ရန်ပုံငွေတောင်းခံရမည် ဖြစ်ပါကြောင်း။
တည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရည်အသွေးထိန်းသိမ်းရေး အဖွဲ့တို့ဖြင့် ကြီးကြပ်စစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် လုပ်ငန်းများရရှိလာရန် အထူးအလေးထား ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်က တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူက တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် စာရင်းစစ်ချုပ်ရုံးမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့် လိုက်နာဆောင်ရွက်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီအတွင်းရေးမှူး၊ အဆောက်အဦ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဇော်က တည်ဆောက်ရေး လုပ်ငန်းများအရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်အချိန်မီပြီးစီးရေး၊ ရန်ပုံငွေများတင်ပြတောင်းခံရာတွင် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ကဏ္ဍအလိုက် တင်ပြဆွေးနွေးကြရာ ဥက္ကဋ္ဌက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


