နေပြည်တော် ၈ မေ
 
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ယနေ့နံနက် ၁၀ နာရီတွင် ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E. Ms.Tone Tinnes အား လက်ခံတွေ့ဆုံ၍  Project Bank တွင် အစိုးရဘက်မှ ထောက်ပံ့ပေးနိုင်သည့်ကိစ္စရပ်များ၊ အလယ်ရဲရွာရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးသည် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံအမတ်ကြီး H.E. Mrs. Dorothe Janetzke – Wenzel အား လက်ခံတွေ့ဆုံ၍ အခွန်ဆိုင်ရာကိစ္စရပ်များနှင့် ကြွေးမြီဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲ ၂ နာရီတွင် ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီး H.E. Mr. Kristian Schmidt နှင့် ကိုယ်စားလှယ်အဖွဲ့အား  လက်ခံတွေ့ဆုံ၍ Project Bank နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ အီးယူ-မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် စပ်လျဉ်း၍ လတ်တလော အီးယူ-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)