နေပြည်တော် ၈ မေ
မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၏ (၂၉)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မိခင်များနှင့် ကလေးများ၏ ကျန်းမာရေး၊ ပညာရေး၊ လူနေမှုဘဝအဆင့်အတန်း မြင့်မားစေရေး အထောက်အကူပြုနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းလက်တွဲ ဆောင်ရွက်လျက်ရှိသည့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းကြီးဖြစ်သည့် မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း၏ နှစ်ပတ်လည်အစည်းအဝေးသည် အရေးကြီးပါကြောင်း။
အသင်းကြီး၏ လုပ်ငန်းတာဝန်များမှာ များပြားပြီး အသင်းဝင်မှာလည်း များပြားသဖြင့် အသင်းကြီး၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် အောင်မြင်မှုအခြေအနေများကို စစ်ဆေးရန်အချက်များကို အသုံးပြု၍ စောင့်ကြည့်ဆန်းစစ်သည့် စနစ်ကိုလည်းထားရှိရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် လက်တွေ့ကျသည့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အဓိက အညွှန်းပြကိန်းများကို အသုံးပြု၍ တိုင်းတာဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ထိုသို့ စောင့်ကြည့်ဆန်းစစ်ရာမှ တွေ့ရှိချက်များအရပြုပြင် ပြောင်းလဲဆောင်ရွက်သင့်သည်များ၊ လိုအပ်ချက်များ၊ အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်သင့်သည်များကို ပြောင်းလဲလာသော အခြေအနေများနှင့် ကိုက်ညီစွာ မွမ်းမံပြင်ဆင်ဆောင်ရွက်ခြင်းဖြင့် အသင်းကြီး၏ လုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း။
အသင်းကြီးအနေဖြင့် နိုင်ငံတကာနှင့် ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်လည်း ယခုထက်ပိုမို ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်းနှင့် သို့မှသာ အသင်းကြီး၏ ပုံရိပ်ပိုမိုကောင်းမွန်လာမည် ဖြစ်ပါကြောင်း၊ အသင်းဝင်များ၏ လုပ်ငန်းစွမ်းဆောင်ရည်နှင့် အရည်အသွေးမြှင့်တင်ရေး လုပ်ငန်းများကိုလည်း မူဘောင်နှင့် လမ်းပြမြေပုံချမှတ်ကာ စနစ်တကျဆောင်ရွက်သွားစေလိုပါကြောင်း၊ ဝန်ကြီးဌာနမှ ကျန်းမာရေး စီမံချက်များနှင့်လည်း ယခုထက်ပိုမိုချိတ်ဆက်၍ ပူးပေါင်းပါဝင်စေလိုပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အဆင့်ဆင့်သော ကျန်းမာရေးဌာနများမှ တာဝန်ရှိသူများကလည်း အသင်းကြီး၏ လုပ်ငန်းဆောင်ရွက်မှုများတွင် ပံ့ပိုးပူးပေါင်းမှုအပိုင်းကဏ္ဍမှ ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊
အသင်းကြီး၏ စီမံခန့်ခွဲမှု၊ ထောက်ပံ့ပေးပို့မှုနှင့် ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုဆိုင်ရာ သတင်းပေးပို့ ဖလှယ်မှုစနစ်ကိုလည်း ပိုမိုလွယ်ကူ လျင်မြန်ကောင်းမွန်စေရေး ဆန်းစစ်သုံးသပ် ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် ယခင်နှစ်ကအသင်းကြီး၏ လုပ်ငန်းဆောင်ရွက်ချက်များအား ပြတ်ပြတ်သားသား၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောကြားကာ အားနည်းချက်နှင့် အားသာချက်များဖော်ထုတ်၍ ရှေ့လုပ်ငန်းစဉ်များကို သမားရိုးကျမှ ဖောက်ထွက်သော အတွေးအမြင်များဖြင့် ဝိုင်းဝန်းဆွေးနွေးချမှတ် ဆောင်ရွက်ကြစေလိုပါကြောင်း၊ အသင်းကြီးအနေဖြင့် မြန်မာနိုင်ငံ မိခင်သေဆုံးမှုနှုန်းနှင့် ကလေးသေဆုံးမှုနှုန်းများ ယခုထက် ပိုမိုလျော့ချနိုင်ရေး ဆောင်ရွက်ရာတွင် အဓိကအင်အားကြီးအဖြစ် ဆက်လက်ပါဝင် ဆောင်ရွက်နိုင်စေရေး ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အခမ်းအနားသို့ ကြွရောက်လာကြသော ဧည့်သည်တော်ကြီးများနှင့် အတူမြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၏ လှုပ်ရှားမှုဓာတ်ပုံမှတ်တမ်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


