ရန်ကုန်  ၉  မေ  

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာန အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနက ဦးဆောင်၍ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် မဲခေါင်မြစ်ဝှမ်းဒေသ ကျန်းမာရေးလုံခြုံမှုဆိုင်ရာ စီမံချက်၏ ဒေသတွင်းနိုင်ငံများ  ပဋိဇီဝ ဆေးယဉ်ပါးမှု စောင့်ကြပ်ကြည့်ရှုခြင်းနှင့် သုတေသနလုပ်ငန်းများ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်၉နာရီတွင် ရန်ကုန်မြို့ရှိ ဆန်းမစ်ပတ်ဗျူးဟိုတယ်၌ ကျင်းပသည်။

 

ရှေးဉီးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ)ပါမောက္ခ ဒေါက်တာ ဒေါ်ဌေးဌေးတင်က အဖွင့်အမှာစကားပြောကြားပြီး ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ အဖွဲ့ဦးဆောင်ပုဂ္ဂိုလ်များက နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။

 

ဆွေးနွေးပွဲသို့  ဒုတိယညွှန်ကြားရေးမှူးချူပ် (ဓာတ်ခွဲ)နှင့် တာဝန်ရှိသူများ မြန်မာနိုင်ငံမှ မဲခေါင်မြစ်ဝှမ်းဒေသ ကျန်းမာရေးလုံခြုံမှုဆိုင်ရာ စီမံချက်ဝင် မြို့နယ်(၁၂) မြို့နယ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ၊ မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများ ဖြစ်ကြသည့် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ ပြည်တွင်းမိတ်ဖက် အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲကို မေ ၁၀ ရက်ထိ ကျင်းပသွားမည်ဖြစ်ရာ ဆွေးနွေးပွဲကျင်းပစဉ်  နှစ်ရက်တာ ကာလအတွင်း ပဋိဇီဝ ဆေးယဉ်ပါးမှု စောင့်ကြပ်ကြည့်ရှုခြင်း၊ ဒေသတွင်း ပဋီဇီဝ ဆေးယဉ်ပါးမှု လျော့ချနိုင်ရေး နည်းပညာအသစ်များ ဖော်ထုတ်ခြင်း၊ ပဋီဇီဝ ဆေးယဉ်ပါးမှုဆိုင်ရာ သုတေသန လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးအတွက် ဒေသတွင်း နိုင်ငံများအချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး လုပ်ငန်းစဉ်များ ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း -ရီရီသန့်၊ ဓာတ်ပုံ-ရဲထွဋ်

 

DSC_854