ပခုက္ကူ ၁၁ မေ 


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ချိုက်ကျေးရွာတွင် ပထမအကြိမ် မြန်မာ့ရိုးရာ နွားလှည်းယာဉ်ပြိုင်ပွဲနှင့် နွားအပြေးပြိုင်ပွဲကို မေ ၉ ရက်မှ ၁၁ ရက်အထိ သုံးရက်တိုင် ကျင်းပခဲ့ရာ ယနေ့နံနက်ပိုင်းက ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပခဲ့သည်။

 

1


အဆိုပါပြိုင်ပွဲကို မြန်မာ့ရိုးရာ နွားအလှပြိုင်ပွဲများ မတိမ်ကော မပပျောက်စေရန်၊ မြန်မာ့နွားများ၏ စွမ်းဆောင်ရည် မြင့်မားမှုနှင့် နွားတို့၏ အလှတရားများ စနစ်တကျ ထိန်းသိမ်းလေ့ကျင့်နိုင်စေရန် တောင်သူအများ လုပ်ငန်းပါးချိန်၌ မိမိတို့နွားများ၏ စွမ်းရည်ဖော်ထုတ်ပြသနိုင်ပြီး တောင်သူများအချင်းချင်း တွေ့ဆုံပွဲတစ်ရပ် ဖော်ဆောင်နိုင်စေရန် ရည်ရွယ်၍  ပြုလုပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

1


ပြိုင်ပွဲတွင် လှည်းယာဉ် နှစ်ကောင်တွဲ (အတိုင်နွား သမင်ပြေး၊ အလှည့်နွား စကျ)၊ တစ်ကောင်ခြင်းလှည်း (သမင်ပြေး)၊ တစ်ကောင်ခြင်း (ကြိုးထိုး) ပြိုင်ပွဲများ ထည့်သွင်း၍ ကျင်းပခဲ့ရာ ယနေ့နံနက်တွင် ပြိုင်ပွဲအမျိုးအစားများအလိုက် ဗိုလ်လုပွဲများကို ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ဆုရရှိသည့် ပြိုင်ပွဲဝင်များအား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလင်းနိုင်ဦး၊ ပြိုင်ပွဲကျင်းပရေး ကော်မတီများမှ တာဝန်ရှိသူများ၊ အကဲဖြတ် အမှတ်ပေးဒိုင်များက ဆုများအသီးသီး ချီးမြှင့်ပေးပြီးခဲ့ကြောင်း သိရှိရသည်။


စိုးလင်းနိုင်(ပြန်/ဆက်)