မိုးနဲ ၂၄ မေ


ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး  ဒေသခံတိုင်းရင်းသား ပြည်သူလူထုနှင့်တွေ့ဆုံပွဲကို မေ ၂၃ ရက် နံနက် ပိုင်းက မိုက်ဟိုင်းကျေးရွာ အုပ်စု မယ်ဇလီမြိုင်ကျေးရွာ ခရစ်တော်၏ အသင်းတော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


တွေ့ဆုံပွဲ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဂူဇာက မိတ်ဆက်နှုတ်ခွန်းဆက်စကားပြောကြားပြီး ကျေးရွာလျှပ်စစ်မီးဓာတ်အားရရှိမှု၊ ကျေးရွာကွန်ကရစ်လမ်းခင်းခြင်း၊ ရေရရှိရေး၊ လီဆူတိုင်းရင်းသားပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးနေမှု၊ မြေ/ယာရရှိမှု အခြေအနေများကို သက်ဆိုင်ရာ လုပ်ငန်းအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။


ဆက်လက်၍ ဒေသခံတိုင်းရင်းသားများက လီဆူတိုင်းရင်းသားဘာသာစာပေ သင်ကြားပေးနိုင်ရေး၊ မူးယစ်ဆေးဝါး အန္တရာယ်ကို အစိုးရအနေဖြင့် ထိထိရောက်ရောက် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးရန်၊ ကျေးရွာများတွင် ဆိုလာပြားရရှိနိုင်ရန်နှင့် ယဉ်ကျေးမှုအသုံး အဆောင်များ ပြသထားရှိရန်၊ ဘောလုံးကွင်း၊ ခန်းမဆောင်ဆောက်လုပ်ပေးနိုင်ရန်နှင့် မြေနေရာ လိုအပ်ချက်များကို အသီးသီးတင်ပြတောင်းဆို ဆွေးနွေးကြသည်။ အလားတူ ဆိုင်းဖယ်ကျေးရွာနှင့် ခိုတိဝိုး ကျေးရွာများရှိ လီဆူတိုင်းရင်းသားပြည်သူများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဂူဇာ၊ မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာနေ လီဆူတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


မျိုးညွန့်ရွှေ(မိုးနဲ)